မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၅၂၅ ဦးရှိလာ
DVB
·
December 5, 2020
မကွေးတိုင်းဒေသကြီးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိတယ်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ပိုးတွေ့လူနာ ၁၃ ဦးကတော့ အောင်လံမြို့က ၈ ဦး၊ ချောက်မြို့က ၄ ဦးနဲ့ သရက်မြို့က ၁ ဦးတို့ ဖြစ်ပါတယ်။
ပိုးတွေ့လူနာတွေအနက် အောင်လံက ၅ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိ တာကြောင့် အသွားအလာကန့်သတ်ထားသူများဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ပြန်နဲ့ စစ်တွေက ပြန်လာသူတွေဖြစ်ပြီး Quarantine Centre တွေကဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ ၅ ရက် မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၂၅ ဦး၊ သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Mask စနစ်တကျ အသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။