ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၆၀၀ ကို ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့

163
ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်ထောင်ချီကို သူတို့ဆန္ဒမပါဘဲ အာဏာပိုင်တွေက ဝေးလွန်းလှတဲ့ ကျွန်းတစ်ကျွန်းမှာ ပြန်နေရာချထားပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရေလွှမ်းနိုင်ဖွယ်ရှိတဲ့ ဘာဆန်ချာကျွန်းဆီ ဒုက္ခသည် ၁,၆၀၀ ခန့်ကို ဒီဇင်ဘာ ၄ ရက်က ပြောင်းရွှေ့ ပေးခဲ့တာလို့ ဆိုပါတယ်။
ပြောင်းရွှေ့သူအားလုံးက လိုလိုလားလားပြောင်းရွှေ့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဒုက္ခသည်တွေက အဲဒီကျွန်းဆီ မပြောင်းလိုဘူးလို့ ဘီဘီစီ ကို ပြောဆိုခဲ့ပါတယ်။
ပြောင်းရွှေ့သူ အတော်များများဟာ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခံရတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေပါတယ်။
ပြောင်းရွှေ့စာရင်းမှာပါပြီး မပြောင်းရွှေ့လိုတဲ့ အိမ်ထောင်စု ၁၂ စုကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်တာဗျူးခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂကလည်း ဒီလို ပြောင်းရွှေ့တဲ့အကြောင်းကို သူတို့ မသိရဘဲ ကုလသမဂ္ဂလည်း မပါဝင်ဘူးလို့ ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကတော့ အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ အတင်း အကျပ် မပြောင်းရွှေ့ဘဲ ဒီရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒီဇင်ဘာ ၃ ရက်က ပြောပါတယ်။