တပ်မတော်က တရားစွဲထားသည့် ဗကသ ကျောင်းသား ကိုဇေယျာလွင်ကို ဒုတိယအကြိမ်ရုံးထုတ်

တပ်မတော်က ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်ကို ဒီဇင်ဘာလ ၄  ရက်နေ့က  ဧရာ၀တီတိုင်း၊ မအူပင်မြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။ ဒီနေ့ တရားခွင်မှာ တရားလို ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သက်နိုင်ဝင်းနဲ့ တရားလိုဘက်မှ သက်သေ ဗိုလ်ကြီး ရဲနောင် တို့ နှစ်ဦးကိုစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြန်လည်စစ်ဆေးဖို့ ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့ ပါတယ်။ ရုံးချိန်းမှာ တရားလိုဘက်က ပထမ တင်သွားထားတဲ့ သက်သေတွေထဲက သံချပ်အဖွဲ့ဝင် ၅ ဦး၊ ရဲစခန်းမှူး ၁ ဦး၊ တပ်မတော်အရာရှိ ၂ ဦး စုစုပေါင်း ၈ ဦးအား သက်သေအဖြစ်မှ ပယ်ဖျက် ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးအပြီးမှာတော့ ကိုဇေယျာလွင်ကို မအူပင်မြို့မရဲစခန်းသို့ပို့ဆောင်ခဲ့ တယ်လို့  ရဲတပ်ဖွဲ့ထံက သိရပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ငြိုပျက်စေမှုအပါအ၀င် ဆက်သွယ်ရေးဥပဒေတွေနဲ့ အကြိမ်ကြိမ် တရားစွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း (မအူပင်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up