Home
မြန်မာသတင်း
တောင်သူလယ်သမားဆွေးနွေးပွဲ အချက် ၁၇ ချက် ထုတ်ပြန်
နော်နိုရင်း
·
August 20, 2013
ရန်ကုန်မြို့  သင်္ကန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းရုံးမှာ  ၂ ရက်တာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမား ဆွေးနွေးပွဲအပြီးမှာ တောင်သူလယ်သမားတွေရဲ့ သဘောထားအမြင် ၁၇ ချက်ကို စုစည်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲက ထုတ်ပြန်လိုက်တဲ့  အချက် ၁၇ ချက်ထဲက အဓိက အချက်တချို့ကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်သမားရေးရာ ကော်မတီတာဝန်ခံ   ဦးထွန်းမြင့်အောင်က အခုလို ပြောပါတယ်။ “၁၇ ချက်ထဲက အဓိက ပြဿနာတွေကို ပြောရမယ်ဆိုရင်တော့ လယ်ယာမြေမတရား သိမ်းဆီးခံရမှုတွေက ထိပ်ဆုံးကပါတာပေါ့။ လျော်ကြေး၊ နစ်နာကြေးတွေ ပေးဖို့ကိစ္စတွေပါတယ်။ ၂၀၁၂ မြေယာဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ရေးဆွဲဖို့ ကိစ္စတွေ ပါပါတယ်။ တောင်သူလယ်သမားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လယ်သမားတွေ လက်ခံနိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးဖြစ်ဖို့အတွက် လယ်သမား စစ်စစ်ဆိုတာကို ဖွင့်ဆိုနိုင်ဖို့အတွက်ကို လယ်သမားတွေက တောင်းဆိုပါတယ်။ ပြီးတော့ စီမံကိန်းတွေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုလို့ရှိရင် ဒေသခံ ပြည်သူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ အရင်ဆုံးရယူပြီးတော့ အားလုံး အကျိုးဖြစ်ထွန်းမယ်ဆိုလို့ရှိရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ကိစ္စတွေလည်း ပါပါတယ်။ စိုက်ပျိုးစရိတ် ချေးငွေကိစ္စတွေ၊ နှစ်တို နှစ်ရှည် ချေးပေးဖို့ လယ်သမားတွေ ပြောပါတယ်။ နစ်နာကြေးတွေကိုလည်း အာဏာပိုင်တွေကနေတဆင့်ပေးတာ မဟုတ်ဘဲနဲ့ လယ်သမားတွေ လက်ထဲ တိုက်ရိုက်ထည့်ဖို့ ကိစ္စတွေလည်း ပါပါတယ်။ နောက်တခါ မြေယာစီမံခန့်ခွဲမှု အဖွဲ့ဆိုတာက အုပ်ချုပ်ရေးမှူးတွေကို အဓိက ဗဟိုပြုပြီးတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကော်မတီဖွဲ့စည်းမှုကို လယ်သမားတွေက အခြားပုံစံတခုနဲ့ အစားထိုးပေးဖို့အတွက် တောင်းဆိုတာတွေ ပါပါတယ်။” မြန်မာနိုင်ငံတ၀န်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာ တွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်စုစည်းပြီး လွှတ်တော်နဲ့ အစိုးရ တာဝန်ရှိသူတွေထံ တင်ပြနိုင်ဖို့ ဩဂုတ် ၁၉ နဲ့ ၂၀ ရက်နေ့မှာ တောင်သူလယ်သမား ဆွေးနွေးပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်သမားရေးရာ ကော်မတီရဲ့ အစီအစဉ်နဲ့ နိုင်ငံတ၀န်းက တောင်သူလယ်သမား ၅၀၀ ကျော်လောက်ကို  ရန်ကုန်မှာ ဖိတ်ခေါ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ်တွေအပြင် ၈၈ မျိုးဆက်ရုံးမှာ လာရောက်တိုင်တန်း ထားတဲ့ လယ်သမားအရေးကိစ္စတွေနဲ့  ငြိမ်းချမ်းရေးနဲ့ပွင့်လင်းခရီးစဉ်မှာ ရရှိလာတဲ့ တောင်သူလယ်သမား တွေနဲ့ဆိုင်တဲ့ အချက်တွေကို စုစည်းပြီး မကြာခင်မှာ လွှတ်တော်၊ အစိုးရ၊ လယ်သမားအရေး ဆောင်ရွက်တဲ့ အန်ဂျီအိုအဖွဲ့နဲ့ တက်ကြွလှုပ်ရှားသူတွေအားလုံးဆီ ပေးပို့သွားဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေက စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024