Home
အာရှဒေသ
ခိုလှုံခွင့်တောင်းသူများအရေး အင်ဒိုနီးရှားတွင် ကုလသမဂ္ဂ မကိုင်တွယ်နိုင်
DVB
·
August 20, 2013
အင်ဒိုနီးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်ရေးရာဌာနက လုံခြုံစိတ်ချရတဲ့ နိုင်ငံတခုမှာ ဘ၀သစ် တည်ဆောက်ဖို့နဲ့ အကာအကွယ်ရယူဖို့ သူတို့ရုံးကို ခိုလှုံခွင့် လာတောင်းကြသူတွေရဲ့ အရေအတွက်ကို နိုင်နင်းအောင် ကိုင်တွယ်ဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့ ပြောနေကြပါတယ်။ [caption id="attachment_42705" align="alignleft" width="300" caption="မင်နျူရယ် ဂျော်ဒေါင် ဓာတ်ပုံ - www.flickr.com"][/caption] ဒီနှစ် တနှစ်တည်း ပြန်လည်အခြေချနေထိုင်ရေးမျှော်လင့်ချက်နဲ့ အင်ဒိုနီးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့က မှတ်ပုံလာတင်ကြသူ  ၁၂၀၀၀ ရှိပါတယ်။ မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာမွတ်စလင် ၁၈ ယောက် မိသားစုရဲ့ အမှုနဲ့ ပတ်သက်ပြီး  အင်ဒိုနီးရှား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ကိုယ်စားလှယ် မင်နျူရယ် ဂျော်ဒေါင်ကို သတင်းထောက် ရီဘက်ကာ ဟန့်ရှ်ကဲက တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုက္ခသည်တွေဟာ အခု ဂျာကာတာ ဥပဒေ အထောက်အကူပြု ဌာနမှာနေထိုင်နေကြပြီး အာရှဒေသ သတင်းဆောင်းပါး အစီအစဉ်က လွန်ခဲ့တဲ့လက တွေ့ဆုံခဲ့သူတွေဖြစ်ပါတယ်။ “ကျနော်တို့ အဲဒီမိသားစုကို သိပါတယ်။ သူတို့က မှတ်ပုံတင်ထားပြီးပါပြီ။ အခု တွေ့ဆုံမေးမြန်းခံရအောင် စောင့်နေကြတာပါ။ အရင်လာတဲ့သူကို အရင် ဆောင်ရွက်ပေးပါတယ်။ သူတို့က စောင့်ရပါလိမ့်ဦးမယ်။ ကျနော်တို့က တခြားသူတွေလိုပါပဲ၊ ခွဲခြား ဆက်ဆံဆောင်ရွက်တာ မရှိပါဘူး။ အဲဒါက ဒီအတိုင်းပါပဲ။ တကယ်လို့ ကျနော်တို့က စောစော လုပ်ပေးနိုင်ရင် လုပ်ပေးမှာပါ။ ဒါပေမယ့် ကျနော်တို့ မလုပ်နိုင်ပါဘူး။” အဲဒါကို ဘာဖြစ်လို့ ဒီထက်စောပြီး မလုပ်နိုင်ရတာလဲ။ “ဘာလို့ဆိုတော့ ပထမလာတဲ့ တခြားသူတွေ ရှိနေလို့ပါ။” ဒီလိုဆိုရင် ဒီကိုလာပြီး ခိုလှုံခွင့် တောင်းလာတဲ့သူတွေရဲ့ အရေအတွက်ကို ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့ ရှင်တို့မှာ ၀န်ထမ်းလုံလောက်အောင် မရှိဘူးပေါ့။ “စောင့်ရမယ့်အချိန် ရှိပါတယ်။ စောင့်ဆိုင်းဆဲ လူတွေ ရှိနေပါတယ်။ လူတိုင်းကို တချိန်တည်းမှာ အကဲဖြတ် သတ်မှတ်လို့ မရပါဘူးဗျာ။” ဒီ မိသားစု အကြောင်းကို ကြည့်ခဲ့ရတဲ့ အာရှဒေသ သတင်းဆောင်းပါး နားထောင်သူတွေက ဥပဒေ အထောက်အကူပြုဌာန ရုံးအခန်းတခုမှာ မိသားစု ၁၈ ယောက် ဘာဖြစ်လို့ နေနေရတာလဲ ဆိုတာ၊ ခိုလှုံခွင့်တောင်းသူတွေအတွက် တခြားရွေးစရာ ဘာလို့မရှိရတာလဲ ဆိုတာ သိချင်ကြပါတယ်။ သူတို့ရဲ့ တခြားရွေးချယ်စရာတွေက ဘာတွေလဲ။ “အင်ဒိုနီးရှားမှာရှိတဲ့ ရွေးချယ်စရာတွေက အကန့်အသတ် ရှိပါတယ်။ ဘာလို့ဆိုတော့ အင်ဒိုနီးရှားနိုင်ငံက အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် မထိုးရသေးသလို သူတို့ကို စောင့်ရှောက်ဖို့ တာဝန်ယူထားတာ မရှိသေးလို့ပါ။” ဒါဆို အရင်းခံအားဖြင့် ဂျာကာတာမှာ ရှင်တို့က ကိုယ့်ဘာသာကိုယ် လုပ်နေရတာပေါ့။ “အများကြီးပေါ့၊ ကျနော်တို့လုပ်နိုင်တဲ့အရာတွေက။ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးလေးတွေနဲ့ အဖော်မပါတဲ့ အသက်မပြည့်သေးသူတွေလို သိပ်အားနည်းချက်ရှိသူတွေကို အကူအညီပေးဖို့တောင် အကန့်အသတ် ရှိနေပါတယ်။” ဒီနှစ် တနှစ်မှာတင် အင်ဒိုနီးရှားကို လာခဲ့ကြတဲ့ ဒုက္ခသည် ၁၄၀၀၀ ထဲက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အကူအညီပေးနေတာ ဘယ်နှယောက် ရှိပါသလဲ။ “သိပ် အကန့်အသတ် ရှိပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အကူအညီပေးတာ ခံယူနေရသူ အရေအတွက်က ၃၀၀ လောက် ရှိပါတယ်။ ဌာန ၂ ခုမှာ အကူအညီ ခံယူနေရတဲ့ အသက်မပြည့်တဲ့သူက ၁၀၀ လောက် ရှိတယ်ဗျ၊ ကျန်တဲ့သူတွေကိုတော့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူ အဖွဲ့အစည်းတွေက အကူအညီပေးနေတာပါ။” လုပ်ငန်းစဉ်က ဘယ်လောက် ကြာတတ်ပါသလဲ။ တကယ်လို့ ကျမက ရှင်တို့ရုံးကို ခိုလှုံခွင့် တောင်းသူ တယောက်အနေနဲ့ ဒီကနေ့ရောက်လာတယ် ဆိုပါတော့။ ကျမရဲ့တောင်းဆိုမှုကို ကြားနာဖို့ ဘယ်လောက် ကြာမလဲ။ “တကယ်လို့ ခင်ဗျား ဒီနေ့ လာပြီး ခိုလှုံခွင့် တောင်းသူတယောက်အနေနဲ့ မှတ်ပုံတင်ဖို့ တောင်းဆိုမယ်ဆိုရင် မူအရတော့ ခင်ဗျားကို ဒီနေ့ပဲ မှတ်ပုံတင်ပေးရပါမယ်။ ဒါပေမယ့် ပထမဆုံး တွေ့ဆုံမေးမြန်းခံရဖို့ကတော့ ခင်ဗျားအတွက် အချိန်ပိုယူရမှာပဲ။ ရှေ့မှာ တန်းစီထားတဲ့သူတွေရှိလို့ အဲဒါက ၂ လ၊ ၃ လလောက် ကြာပါလိမ့်မယ်။ တင်ပြထားတဲ့အဖြစ်ဟာ ယုံကြည်ထိုက်ရဲ့လား၊ မယုံကြည်ထိုက်ဘူးလားဆိုတာကို တွေ့ဆုံမေးမြန်းတာ လုပ်နိုင်တဲ့သူ ၁၄ ယောက်လောက် ကျနော်တို့မှာ ရှိပါတယ်။” ဖြစ်ရပ်တခုကို ယုံကြည်ထိုက် မယုံကြည်ထိုက် သူတို့က ဘယ်လိုဆုံးဖြတ်သလဲ။ “ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက် အသုံးချပုံ ကို ၁ နှစ် ကြာတဲ့ သင်တန်းတခု ပေးပါတယ်။ အခြေခံအားဖြင့်တော့ ခင်ဗျားတို့ အိမ်ပြန်သွားရင် တကယ်ပဲ အသက်အန္တရာယ် ရှိနေတယ် ဆိုတာမျိုး လုံလောက်အောင် စိုးရိမ်ရတဲ့အကြောင်းတွေကို မှန်တယ်လို့ သက်သေပြနိုင်ရမယ်ပေါ့ဗျာ။” ဒီကိုလာပြီး ခိုလှုံခွင့် တောင်းကြတဲ့ သူတွေရဲ့ဘယ်နှရာနှုန်းလောက်ဟာ ယုံကြည်ထိုက်တဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ တွေ့ရသလဲ။ “တောင်းခံလာမှုရဲ့ ၅၀ ရာခိုင်နှုန်းက အာဖဂန်နစ္စတန်က ဖြစ်နေတော့ ၇၀ ရာခိုင်နှုန်းလာက်ကို ဒုက္ခသည်အဖြစ် တွေ့ရတယ်လို့ ပြောရမယ်ဗျ။” တော်တော်မြင့်တဲ့ ရာနှုန်းပဲ။. “ဟုတ်ပါတယ်။ ဘာလို့ဆိုတော့ ဒုက္ခသည်အများစုက အာဖဂန်နစ္စတန်က လာတာဖြစ်ပြီး ဒုတိယ အုပ်စုကတော့ မြန်မာနိုင်ငံက (ရိုဟင်ဂျာ)တွေ ဖြစ်နေလို့ပါ။” ရှင်ပြောသလိုဆို ၂ လအတွင်းမှာ ကျမဟာ ဒုက္ခသည်တယောက် ဟုတ် မဟုတ် အဆုံးအဖြတ်ခံဖို့ တွေ့ဆုံမေးမြန်း ခံရနိုင်တာပေါ့။ “ခင်ဗျားဟာ ၂ လအတွင်း တွေ့ဆုံမေးမြန်းတာကို ခံရမှာပါ။ ခင်ဗျားဆီကို ဆုံးဖြတ်ချက်ကို ပြောဖို့ ကျနော်တို့ ပြန်လာနိုင်ဖို့ကတော့ နောက်ထပ် ၁၂ လကနေ ၁၆ လအထိ ကျနော်တို့ အချိန်ယူရပါလိမ့်မယ်။ ဒီတော့ ၁ နှစ်ခွဲပေါ့ဗျာ။ အကောင်းဆုံးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ဒီအဆင့်မှာ ကျနော်တို့ လုပ်နိုင်တာက ဒါပါပဲ။” ဒီတော့ ကျမက ဒုက္ခသည်အဖြစ် ခံယူဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ရွေးစရာ ၃ ခုရှိမယ်။ ကျမကို အိမ်ပြန်ဖို့အကူအညီ ပေးမယ်။ အင်ဒိုနီးရှားမှာ အခြေချနေထိုင်ရမယ်။ ဒါမှမဟုတ် ဩစတြေးလျလို တတိယနိုင်ငံတခုခုမှာ အခြေချနေထိုင်ရမယ်ပေါ့နော်။ ပထမ ၂ ခုကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လုံခြုံစိတ်ချရတဲ့ တတိယနိုင်ငံတခုမှာ အခြေချနေထိုင်ဖို့ဆိုရင် ဘယ်လောက် ကြာမလဲ။ “နိုင်ငံတခုနဲ့တခုက အများကြီး ကွဲပြားနိုင်ပါတယ်။” ကျမက ဩစတြေးလျကို သွားချင်တယ်ဆိုပါစို့။ “ကျနော်တို့ ဒီရုံးကနေ ခင်ဗျားရဲ့အမှုတွဲကို အခြေချနေထိုင်မယ့် နိုင်ငံ အာဏာပိုင်တွေလက်ထဲ တင်သွင်းဖို့ တနှစ်ထက် မနည်းတော့ ကြာမှာပဲဗျ။ အခြေချနေထိုင်မယ့် နိုင်ငံတခုအဖို့ အဲဒါဟာ နိုင်ငံတကာက ချမှတ်ပေးထားတဲ့ တာဝန်ရှိမှုတခု မဟုတ်ဘူး ဆိုတဲ့အချက်ကို သိထားဖို့ အရေးကြီးပါတယ်။ ဒါက စိတ်စေတနာနဲ့လုပ်တဲ့ အစီအစဉ်တခုပါ။” တနှစ် တနှစ်မှာ အင်ဒိုနီးရှားက ဒုက္ခသည်တွေရဲ့ ဘယ်နှရာနှုန်းလောက် အခြေချနေထိုင်ခွင့် ရကြသလဲ။ “ဒီကနေ့ ပြန်လည်အခြေချနေထိုင်မှုကို လက်ခံနိုင်တဲ့ အတိုင်းအတာက တနှစ်မှာ ၁၀၀၀ လောက်ပဲ ရှိပါတယ်။ ခုလောလောဆယ် ဂျာကာတာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက လက်ခံနိုင်စွမ်းက တနှစ် တနှစ်မှာ ၁၀၀၀ ပဲ လုပ်ပေးနိုင်ပါတယ်။ ဒီ့ထက်ပိုပြီး ကျနော်တို့ လုပ်ဆောင်မပေးနိုင်ပါဘူး။” ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အရေအတွက်နဲ့ ဆိုရင် တော်တော်နည်းတဲ့ အရေအတွက် ပဲပေါ့နော်။ “ပြန်လည်အခြေချနေထိုင်ရေးက ဒီဒေသထဲနဲ့ အင်ဒိုနီးရှားနိုင်ငံကို ၀င်လာနေတဲ့ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းသူတွေရဲ့ အရေအတွက်ကို ပြည့်မီအောင် လုပ် မပေးနိုင်ပါဘူး။” ဒီတော့ သူတို့တွေ ပြန်လည်အခြေချ နေထိုင်မှု မလုပ်နိုင်ကြဘဲ အင်ဒိုနီးရှားမှာပဲ နေ နေကြရတာပေါ့နော်။ “နေ့စဉ် နေ့တိုင်း အဖြေမရှိသေးတဲ့ ပြဿနာဖြစ်တဲ့ ဒုက္ခသည်တွေ အင်ဒိုနီးရှားကို ၀င်ရောက်လာတဲ့ အရေအတွက်ကတော့ တိုးများလာနေတာပါပဲ။ အဲဒီအရေအတွက်က အခြေချနေထိုင်ခွင့် ရသွားသူတွေထက် အများကြီး ပိုလာနေပါတယ်။ တကယ်တော့ ပြန်လည်အခြေချနေထိုင်မှုဆိုတာက အင်ဒိုနီးရှားနဲ့ ဒေသတွင်းကို ၀င်လာနေတဲ့ လူတွေရဲ့ အရေအတွက်ကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့အတွက် အဖြေတခုတော့ မဟုတ်ပါဘူး။” ဒီတော့ နောက် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြဿနာတရပ် ဖြစ်လာရော မဟုတ်လား။ “အစကတည်းကပါဗျာ။ ကျနော်တို့ပြောနေတာ အဲဒါပါပဲ။ ဒေသတွင်းကို လိုအပ်မှုအရ ၀င်လာနေတဲ့ လူတွေရဲ့ တကယ့်အရေအတွက်ကို ဒေသတွင်းမှာ ပိုပြီး စုပေါင်းပြီး အဲဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်ဖို့၊ နိုင်ငံတွေက ပြောဆိုဆွေးနွေးဖို့ အရေးကြီးပါတယ်။ အဲဒီပြဿနာကို ဒေသအရ ပြောဆိုဆွေးနွေးမှု မလုပ်ဘူးဆိုရင် ဖြစ်လာမှာက နိုင်ငံတခုက သူ့အိမ်နီးချင်း နိုင်ငံတခုကို ကိုယ့်ပြဿနာ လက်လွှဲပေးလိုက်ရုံပဲရှိမှာပါ။ ကျနော်တို့ ပြောနေတာက အဲဒီလိုလုပ်ရင် ဒေသတွင်း မတည်ငြိမ်မှု ဖြစ်လာစေပြီး နိုင်ငံတိုင်း ရှောင်ရှားသင့်တဲ့ နောက်ထပ်  နိုင်ငံရေးပြဿနာတွေ ဖြစ်လာမှာပဲဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024