Home
မြန်မာသတင်း
ရမည်းသင်း စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည့် ကားသမား ဖမ်းဆီးခံရ
DVB
·
December 3, 2020
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အဝင်  သဲကွဲကျေးရွာ စစ်ဆေးရေးစခန်းမှာ  ကုန်တင်ကားမောင်းသမားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ အကြား  ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ကားသမား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။  ဒီဇင်ဘာ ၁ ရက်နေ့က သဲကွဲဂိတ်မှာ ကုန်တင်ယာဉ်မောင်းသမားတွေကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဖို့  ကားတစ်စီးကို ကျပ် ၁,၀၀၀ နှုန်းနဲ့ တုံကင်ရောင်းပြီး အလှည့်ကျော် စစ်ဆေးပေးရာကနေ  ရုန်းရင်းဆန်ခတ် ဖြစ်ပွားတာလို့ ကားမောင်းသမားတွေက ပြောပါတယ်။ ယာဉ်မောင်း ကိုလပြည့်က “တကယ့်တကယ်မှာ တုံကင်က ၁၇၀ စာပဲရှိတယ်။ အဲမှာ သူတို့ စစ်တဲ့အချိန်ကျတော့ အဲဒီနေ့က ဖြစ်တဲ့ တစ်ယောက်ကျတော့ သူ့ စီနီယာ နံပါတ်က ၅၅ လေ။ ၅၅ ဆိုတော့ သူကျတော့ မပါပဲနဲ့ ဟိုးအနောက်က စီနီယာတွေ ကျော်ပြီး စစ်တော့ အဲဒီဟို တစ်ယောက်က ၅၅ က မထွက်ရဘူး။ ခင်များတို့ အဲလိုမျိုး ဆောင်ရွက်စစ်တယ်ဟေ့ ဆိုလို့ရှိရင် ကျုပ်ကို စစ်ပေးမှာလား မစစ်ပေးဘူးလား။ မစစ်ပေးဘူးဆိုလို့ရှိရင် ဘယ်သူမှ မသွားရဘူးလို့ ပြောတယ်။ သူက အဲလိုမျိုးလုပ်ပြီးတော့ သူတို့ ဒီကားတွေရဲ့ရှေ့ကနေ ကားတွေကို ကန့်လန့် ပိတ်ရပ်လိုက်တာ။ သူက ကားကိုကန့်လန့် ပိတ်ရပ်ပြီး ကားထဲမှာ ထိုင်နေတယ်။ ထိုင်နေတော့ ရဲတွေက လာပြီးတော့ ကားကိုဖယ်ခိုင်းတယ်။ သူက မဖယ်ပေးဘူးပေါ့။ အဲကနေပြီးတော့ သူ့ကို ဝိုင်းဖမ်းတာ။ ဝိုင်းဖမ်းပြီးမှ လက်ထိပ်တွေဘာတွေနဲ့ နောက်ပြန်ခတ်ပြီးတော့မှ ဝိုင်းပြီးထိုးကြတယ်။ လူတွေအများကြီးကြားထဲမှာ။ အဲလိုမျိုးဖြစ်တော့ နည်းနည်းတော့ ရုပ်ဆိုးသွားတာပေါ့။ လုံးဝ ပုံစံမကျဘူးလေ။” လို့ ရှင်းပြပါတယ်။ ကားသမားတွေဟာ ခရီးဆက်ထွက်ဖို့ စစ်ဆေးရေးဂိတ်မှာ ၁ ရက် ၂ ရက်လောက်စောင့်ရပြီး ဆေးစစ်ဖို့အတွက်လည်း ကားတစ်စီးကို  ကျပ် ၁၀၀၀  နှုန်းနဲ့ တုံကင်ဝယ်ရကြောင်းနဲ့    ပိုက်ဆံမပေးရင် တုံကင်မရဘူးလို့လည်း ကားသမားတွေက ပြောပါတယ်။ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်ကတော့ ကားသမားတွေ အနေနဲ့ ကိုဗစ်-၁၉  ဆေးစစ်ခကလွဲပြီး ကျန်တဲ့ အခကြေးငွေတွေ ပေးစရာမလိုဘူးလို့ ပြောပါတယ်။  “သူတို့ပေးတာလည်း ဖြစ်နိုင်တယ်။ တောင်း လို့ပေးတာလည်း ဖြစ်နိုင်တယ်။ သက်သေ အထောက်အထား မရှိတော့ ကျနော် မပြောလိုဘူး။ ပိုက်ဆံပေးရတယ်ပြောတယ်။ မပေးနဲ့ပေါ့ဗျာ ။ ကျနော်ပြောတာ။  ဆေးစစ်ခ မှလွဲ၍ မည်သည့် အပို ငွေမှ ပေးဆောင်ရန် မလိုကြောင်း ကြေညာကပ်ထားတယ်။” ယာဉ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးစည်သူမြင့်ကတော့  “နှစ်ဘက်လုံးမှာ မှားပါတယ်။ ကားဆရာက လမ်းပိတ်ရပ်ပစ်တာမှာတယ်။ ရဲကလည်း အေးဆေးညင်သာစွာ မဖြေရှင်းတာမှားတယ်။ နှစ်ဖက်လုံးမှာလည်း ဖိအားတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ဆိုတော့။” လို့ ပြောပါတယ်။ ရဲတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ကားသမားကို သဘာဝဘေးအန္တရာယ်ပုဒ်မနဲ့ ဖမ်းဆီးခဲ့တဲ့အတွက် ပြန်လွှတ်ပေးဖို့  ကားသမားတွေစုပြီး ဝိုင်းဝန်းတောင်းဆိုတဲ့အခါမှာ   ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီမှာ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီမှာ ပြန်လည်ဖမ်းဆီးသွားတယ်လို့ ကားသမား ကိုဟိန်းမင်းလတ်က ပြောပါတယ်။ ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်ကတော့ “မသိရင်ပဲ ရဲက ဖမ်းထားသလိုလို။ ဆေးစစ်ချက်မပြီးတဲ့အတွက် စစ်တာပြီးမှ သွားရတာကို။ အဲဒါကြောင့် မနေ့က လွှတ်ထားပြီ။ သူဘယ်နေရာမှာ နေလဲတော့ မပြောတတ်ဘူး။ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့သွားတယ်။ အဲဒါကို ပြောချင်တာကလေ။ နှစ်ဖက် နားလည်ဖို့လိုမယ်။”လို့ ပြောပါတယ်။ လတ်တလော အဆိုပါကားသမား ဘယ်ရောက်နေလဲဆိုတာ မသိရသေးပဲ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရမည်းသင်းရဲစခန်းကို ဒီဗွီဘီက  ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့  မရပါဘူး။ လက်ရှိရမည်းသင်းအဝင်စစ်ဆေးရေးဂိတ်မှာတော့  ဒီဇင်ဘာ ၂ ရက်ကစပြီး ခရိုင်နဲ့ မြို့နယ်အဖွဲ့တွေ လာရောက် ကြပ်မတ်နေပြီး ဆေးစစ်ဖို့အတွက်  တုံကင်လိုက်မဝေတော့ဘဲ ကောင်တာ ၄ ခုဖွင့်လှစ် ဆောင်ရွက်ပေးနေပါတယ်။  ကောင်တာတစ်ခုမှာ အနည်းဆုံး ဝန်ထမ်း  ၆ ယောက်ရှိပြီး မနက် ၉နာရီခွဲ ကနေ ညနေ ၄ နာရီထိ စလစ်ထုတ်ပေးကာ အလှည့်ကျစစ်ပေးနေပြီး ပြဿနာမဖြစ်အောင် ရမည်းသင်းခရိုင်ရော မြို့နယ်ရော အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း -Pra Jaw/ ဟန်နာထက်အောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024