ကယားပြည်နယ်၌ ကိုဗစ်-၁၉ လူနာ ၂ ဦးထပ်တိုး၊ အတည်ပြု လူနာပေါင်း ၂၆ ဦးအထိ ရှိလာ
နော်နိုရင်း
·
December 3, 2020
ကယားပြည်နယ်အတွင်း အသွားအလာကန့်သတ်ထားသူ ၃၀၇ ယောက်ကို ဓာတ်ခွဲစစ်ဆေးရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့က ၂ ယောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ကယားပြည်နယ်မှာ အတည်ပြုလူနာပေါင်း၂၆ ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
လူနာသစ် တစ်ယောက်က ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာ၊ ရွှေဘောကွေ့ရပ်မှာ နေထိုင်သူ အသက် (၂၁)နှစ်အရွယ် အမျိုးသမီး တစ်ယောက်ဖြစ်ပြီး ရန်ကုန်မြို့မှာ အကူသူနာပြုအဖြစ်လုပ်ကိုင်သူဖြစ်ကြောင်းနဲ့ နိုဝင်ဘာ၂၂ ရက်နေ့က ရန်ကုန်ကနေ လွိုင်ကော်ကို ပြန်လာခဲ့သူဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
နောက်တစ်ယောက်ကတော့ ရန်ကုန် လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ အသက် ၃၀ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး အဖော် သုံးယောက်နဲ့အတူ လွိုင်ကော်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ နိုဝင်ဘာ၂၄ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပါတယ်။
သူတို့ရောက်ရှိစဉ်ကတည်းက လွိုင်ကော်ပညာရေးကော်လိပ်ကို တိုက်ရိုက်ပို့ဆောင်ပြီး ကွာရန်တင်းဝင်ရောက်စေခဲ့ကြောင်းနဲ့ သူတို့နဲ့ထိတွေ့တဲ့ လူတွေကိုလည်း ကွာရန်တင်း ထားရှိပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့အထိ ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၂၆ ယောက် ရှိပြီဖြစ်ပြီး ဆေးရုံကဆင်းသွားသူ ၁၇ ယောက် လက်ရှိကုသမှုခံယူနေသူ ၉ ယောက် ရှိပါတယ်။
လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ပိုးတွေ့လူနာ အားလုံးရဲ့ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ် ကောင်းမွန်နေတယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။