ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၁၁ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၆ ဦး ထပ်တိုး
DVB
·
December 2, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၄၁၁ ယောက်နဲ့ သေဆုံးသူ ၂၆ ယောက်ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၆ ယောက်ထဲမှာ၂၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၂ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၆၈၀ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၄၁၁ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ အယောက် ၁,၂၅၈ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက အယောက် ၅၈၀ နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၆၇၈ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁,၁၇၃ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်းအယောက် ၉၃,၆၀၀ ၊ သေဆုံးသူ ၁,၉၉၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၂,၆၀၁ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၄ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄၈ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၄ ဒသမ ၅၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။