Home
မြန်မာသတင်း
ကိုဗစ်ကာလ HIV ကူးစက်ခံရသူများ ART ဆေးထုတ်ရန်အခက်ကြုံနေ 
DVB
·
December 2, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်းက  HIV ကူးစက်ခံရသူတွေဟာ  ကိုဗစ်ကပ်ဘေးကာလမှာ  ဒေသတွင်း ခရီးသွားလာမှု ကန့်သတ်ချက်တွေကြောင့်   ART ဆေးထုတ်ဖို့ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ တာချီလိတ်မြို့နယ်အတွင်း ART ဆေးသောက်သုံးနေရသူ  ၁၀၀၀ ကျော်ရှိနေပြီး ဒေသတွင်း ခရီးသွားကန့်သတ်ထားမှုနဲ့ သက်ဆိုင်ရာ‌ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားခွင့်ထောက်ခံချက် လိုအပ်နေတာကြောင့် အချိန်မှီဆေးထုတ်ဖို့ အခက်အခဲ တချို့ ရှိနေတာပါ။ ရှမ်း/ရှေ့ MPG (myanmar positive group)တာဝန်ရှိသူတစ်ဦးက "အဓိကပြဿနာက ရပ်/ကျေးမှာ ထောက်ခံစာယူပြီး ဆေးသွားထုတ်ရမယ်ဆိုတော့ တချို့ Patient တွေက တစ်သက်လုံး ဆေးထုတ်ပြီး လူမသိသူမသိနေရာကနေ ဆေးထုတ်ဖို့ ထောက်ခံစာယူဖို့ဆိုတာ မလွယ်ကူဘူးလေ MPG အနေနဲ့တော့ အိမ်တိုင်ရာ ရောက် ဆေးလိုက်ပို့ဖို့ ပြင်ဆင်ထားတာရှိပါတယ်” လို့ ပြောပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ  ART စင်တာအနေနဲ့ တာချီလိတ်နဲ့ ကျိုင်းတုံမြို့မှာသာရှိပြီး ဒေသတွင်းကျေးရွာနဲ့ မြို့တွေက နီးစပ်ရာ မြို့တွေကို သွားရောက်ဆေးထုတ်နေရတာပါ။ တာချီလိတ်မှာ ART စင်တာကို လာရောက်ဆေးထုတ်နေတာကတော့ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်နဲ့ဒေသတွင်းကျေးရွာတွေက ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ်ပြည်သူ့ဆေးရုံက ဒေါက်တာဂျန်ရန်ဆက်က "ကျနော်တို့ အနေနဲ့ကတော့ အကြောင်းကြားလာရင် ဆေးသွားရောက်ပေးပို့ဖို့ ပြင်ဆင်ထားတာတွေရှိပါတယ်။ အရင် ကိုဗစ် ပထမလှိုင်းတုန်းကလည်း ဒီလိုပဲ ပေးပို့ခဲ့တာတွေရှိပါတယ်"လို့ပြောပါတယ်။ နယ်စပ်ဒေသဖြစ်တဲ့အတွက် HIV ကူးစက်မှုနှုန်းမှာ လစဉ်ပုံမှန်အနေအထားမှာရှိနေပြီး အဓိကအားဖြင့် လိင်လုပ်သားနဲ့ MSM လိုမျိုး ဦးတည်အုပ်စုတွေမှာ အများအားဖြင့် တွေ့ရနေကာ ဖျော်ဖြေရေးလုပ်ငန်းတချို့မှာတော့  အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အခက်အခဲရှိနေပါတယ်။  သတင်း - ကိုဇက် 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024