A d v e r t i s e m e n t With Us

မိုးညှင်းတွင် ART ဆေးသောက်နေရသည့် HIV ပိုးကူးစက်ခံရသူ ၂,၁၀၀ ကျော်ရှိ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ  ART ဆေးသောက်သုံးနေတဲ့ HIV ပိုးကူးစက်ခံရသူ  ၂,၁၀၀ ကျော်လောက်ရှိပြီး အားလုံးနီးပါးဟာ မူးယစ်ဆေးဝါးကို အကြောထဲထိုးသွင်း သုံးစွဲမှုကြောင့် ကူးစက်ခံရတာဖြစ်တယ်လို့ နိုင်ငံတကာ AIDS အစီအစဉ်ရဲ့  ART ပရိုဂရမ်အရာရှိ ဒေါက်တာသိန်းထွန်းအောင်က ပြောပါတယ်။ "မိုးညှင်း ART ဆေးခန်းမှာ HIV ပိုးရှိ လူနာ ၂,၁၀၀ ကျော် ART ‌ဆေးသောက်သုံးနေ ကြရပါတယ်။ အမျိုးသား ၁၅၀၀ ကျော်နဲ့ အမျိုးသမီး ၆၀၀ ကျော်ရှိပြီး အားလုံးနီးပါးဟာ မူးယစ်ဆေးဝါးအကြောထဲထိုးသွင်း သုံးစွဲမှုကြောင့်ဖြစ်တယ်။” လို့ ပြောပါတယ်။ မိုးညှင်းမှာ အမျိုးသမီးလိင်လုပ်သားနဲ့ လိင်တူ LGBT တို့ကနေ HIV  ကူးစက်နှုန်းအလွန်နည်းတယ်လို့လည်း ဒေါက်တာသိန်းထွန်းအောင်က ပြောပါတယ်။ မိုးညှင်းမြို့မစျေးအနီးမှာ ဒီဇင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ကမ္ဘာ့ခုခံအား ကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် HIV/AIDS ကာကွယ်ရေး ကျန်းမာရေး ဆိုင်ရာ လက်ကမ်းစာစောင်နဲ့ ကာကွယ်ရေးပစ္စည်းတွေကို မေတ္တာရိပ်သာဖောင်ဒေးရှင်း၊ ဒေသခံ AIDS ကော်မတီနဲ့ ဒေသခံမူးယစ်အန္တရာယ်လျှော့ချရေးကော်မတီတို့ ပူးပေါင်းပေးဝေခဲ့ကြပါတယ်။ ကိုဗစ်ကာလ ကျန်းမာရေးအသိပညာပေးဟောပြောဖို့ ခက်ခဲတဲ့အတွက် HIV/AIDS နဲ့ပတ်သက်တဲ့ ကျန်းမာရေးစာတွေကို လူထုကကျယ်ကျယ်ပြန့်ပြန့် ဖတ်မိနိုင်အောင် ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့မှာ လက်ကမ်းစာစောင်နဲ့ ကာကွယ်ရေးပစ္စည်းတွေ ပေးဝေခဲ့တာလို့ မေတ္တာရိပ်သာမှ ဒေါ်လမာဂျာခေါန်က ပြောပါတယ်။  အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးဌာန တာဝန်ရှိသူတွေ၊ ပရဟိတအဖွဲ့တွေ၊ ရိပ်သာနဲ့ ကော်မတီအဖွဲ့ဝင်တွေနဲ့ မြို့နယ်တွင်း LGBT အဖွဲ့တွေ ပါဝင်ကူညီခဲ့ကြပါတယ်။ သတင်း - မုန်းမုန်းမင်း

A d v e r t i s e m e n t With Us

More News
Up