DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်နှင့်ထုတ်ဝေဥပဒေကြမ်း အမျိုးသားလွှတ်တော်တွင် အခြေမလှ
DVB
·
August 19, 2013
Donate to DVB

ပြည်သူ့လွှတ်တော်မှာ အတည်ပြုထားပြီးဖြစ်တဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားတာကို အမျိုးသားလွှတ်တော်မှာ ဒီကနေ့ တင်ပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်ရာမှာ အများအပြား ပြင်ဆင်ထားတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“အဓိကကတော့ စာနယ်ဇင်းကောင်စီ (ယာယီ) က တင်ထားတဲ့ ကန့်ကွက်ချက် ၅ ခုရှိတယ်။ အဲဒီ ၅ က သူတို့ ကန့်ကွက်ထားတဲ့အတိုင်း လေးခုလောက်ကတော့ ကျနော်တို့ ပယ်ဖျက်ထားတယ်။ တခုလောက်ကတော့ ပြုပြင်လိုက်တယ်။ ကျန်တဲ့ဟာတွေမှာ ဥပဒေအပိုဒ် ၁၈ ခု လောက်တောင် ကျနော်တို့ ပြင်ဆင်ထားတယ်ခင်ဗျ။”

ဘာကြောင့်ပြင်ဆင်တယ်ဆိုတာ အစီရင်ခံစာမှာ ရှင်းထားပေမယ့် မီဒီယာမှာတော့ ထုတ်ပြောဖို့ မသင့်သေးဘူးလို့ သူက ပြောပါတယ်။

အဲဒီအစီရင်ခံစာပေါ်မှာ ဆွေးနွေးမယ့် ကိုယ်စားလှယ် စာရင်းကို ဩဂုတ် ၂၂ ရက်နေ့ နောက်ဆုံးပေးဖို့ တောင်းခံထားပြီး ဒီဥပဒေမူကြမ်းကို ဒီလမကုန်ခင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးပြီးပြတ်ဖွယ်ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ သူတို့ကောင်စီက ကန့်ကွက်ထားတဲ့အချက်တွေထဲမှာ အဓိကအားဖြင့် မှတ်ပုံတင်အရာရှိက စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်နေတဲ့ အချက်ဖြစ်တယ်လို့ ပြောပါတယ်။

“အဓိက ကန့်ကွက်ခဲ့တဲ့ဟာကတော့ ကျနော်တို့ ၆၂ ပုံနှိပ်ဥပဒေမှာ ပါဝင်ခဲ့တုန်းကလိုပေါ့။ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ခန့်အပ်ထားတဲ့ မှတ်ပုံတင်အရာရှိကနေ ထုတ်ဝေခွင့်စာ လိုင်စင်ကို ထုတ်ပေးတာတို့၊ ပြန်လည်ရုပ်သိမ်းတာတို့၊ သူတို့ ပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်ကို အဓိကထားပြီး ကန့်ကွက်ခဲ့တာပဲ။ တခြားဟာတွေလည်း ရှိသေးတာပေါ့။ ဒါပေမယ့် အဓိက အဲဒါပါပဲ။ မှတ်ပုံတင်အရာရှိနေရာမှာ မူပိုင်ခွင့်နဲ့ မော်ကွန်းဌာနလို့ ကျနော်တို့ စာနယ်ဇင်းကောင်စီက ပြင်တယ်၊ ပြန်ကြာရေးဌာနက မပြင်ချင်ဘူး၊ သဘောမတူဘူး အဲဒါပဲ။”

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးချိန်မှာ စာနယ်ဇင်းလောက မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။

ဒီနောက် စာနယ်ဇင်းကောင်စီ (ယာယီ) ကိုယ်စားလှယ်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်း၊ အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီတို့၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့နဲ့ ဆွေးနွေးတင်ပြခွင့်ရခဲ့ပါတယ်။ ဒီနောက်  အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ချက် အစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အမတ်တွေက ဆွေးနွေးပြီး ထွက်ပေါ်လာမယ့် ပြင်ဆင်ချက် ဥပ ဒေကြမ်းနဲ့ပတ်သက်ပြီး ကွဲလွဲချက်တွေကို လွှတ်တော်နှစ်ရပ် ညှိနှိုင်းဖို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေးထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီရလဒ်ကို  ပြည်သူ့လွှတ်တော်ကိုချပြပြီး သဘောတူရင် အတည်ပြုမယ်၊ သဘောမတူရင်တော့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ်ရယူမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013