ကန့်ဘလူမြို့နယ်တွင် နွားအရေပြားရောဂါတစ်မျိုး ဖြစ်ပွားနေ
DVB
·
December 2, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာတချို့မှာ နွားတွေ အရေပြားအဖု အကြိတ်ရောဂါ ဖြစ်ပွားနေတယ်လို့ မွေးမြူရေးနှင့် ကုသဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
နွားအရေပြားရောဂါဟာ ခြင်ယင်မှတ်တို့ကနေတဆင့် ကူးစက်နိုင်ပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေသေချာချာကုသရင် ၁၀၀ ရာခိုင်နှုန်းလောက် သက်သာပျောက်ကင်းနိုင်ပြီး နို့စို့အရွယ်တွေမှာဖြစ်ရင် နို့ပြတ်ပြီးသေနိုင်တယ်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ကန့်ဘလူ မြို့နယ်ဦးစီး ဌာနမှူး ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။
အခုဖြစ်နေတဲ့ နွားအရေပြားရောဂါဟာ လူတွေကို ကူးစက်မှုမရှိနိုင်ဘဲ နွားတွေမှာသာ ဖြစ်ပြီး ကျွဲတွေကိုလည်း မကူးစက်နိုင်ဘူးလို့ သိရပါတယ်။
တောင်သူတွေအနေနဲ့ မိမိတို့နွားတွေမှာ ရောဂါဖြစ်ပွားပါက တွေ့ရာဆေးတွေ မတိုက်ကျွေးဖို့နဲ့ မွေးမြူရေးနှင့်ကုသဦးစီးဌာနကို ဆက်သွယ်အကူညီတောင်းနိုင်တယ်လို့ ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။
နွားအရေပြားရောဂါဟာ တနိုင်ငံလုံးမှာဖြစ်နေပြီး ရခိုင်ပြည်နယ်ဘက်ကနေ စတင်ဖြစ်ပွားတယ်လို့လည်း သိရပါတယ်။
သတင်း - ပြည့်ဖြိုးကိုကို