Home
ဆောင်းပါး
Q စင်တာရောက် အမျိုးသမီးတွေရဲ့လုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ (ဆောင်းပါး)
DVB
·
December 2, 2020
လူ့အသက်ပေါင်းများစွာကို ခြိမ်းခြောက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို ကူးစက်ပြန့်ပွားမှာကို စိုးရိမ်တဲ့အတွက် အသွားအလာ ကန့်သတ်ခံထားတဲ့ Quarantine စင်တာတွေမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံထဲက အမျိုးသမီးတချို့အတွက် ကိုဗစ်အပြင် နောက်ထပ်ကြောက်စရာတစ်ခု တိုးလာပါတယ်။ ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်ဝင်းရှိ Quarantine စင်တာမှာ အသွားအလာ ကန့်သတ်ခံထားရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ နိုဝင်ဘာ ၂၉ ညပိုင်းမှာ အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာ Quarantine စင်တာက အမျိုးသမီးတွေရဲ့လုံခြုံရေးအတွက် ဆွေးနွေးစရာတွေ ဖြစ်လာပါပြီ။ အရင်ကတော့ Quarantine စင်တာဝင်ရောက်နေခဲ့ရတဲ့ အမျိုးသမီးတချို့ဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို ထိခိုက်စေတဲ့ အဖြစ်အပျက်တချို့ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း တောင်ကြီးသတင်းလောက် ဆိုးရွားတဲ့ အဖြစ်အပျက်တွေအထိတော့ မရှိခဲ့သေးပါဘူး။ တောင်ကြီးတက္ကသိုလ်ဝင်းရှိ Quarantine စင်တာမှာ နေထိုင်ရင်း အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ရဲကို တိုင်ကြားထားတဲ့ အမျိုးသမီးဟာ အဆိုပါနေ့ကမှ မြန်မာ-ထိုင်း နယ်စပ်မြို့ မြဝတီကနေ တောင်ကြီးကို ရောက်လာခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ စရောက်တဲ့ည၊ ဘုရားဝတ်ပြုနေစဉ် အမည်မသိ အမျိုးသားတစ်ဦး အခန်းအတွင်းသို့ ဝင်ရောက်လာပြီး လည်ပင်းကို ဓားထောက်ကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးသွားတယ်လို့ အဆိုပါအမျိုးသမီး ပြောကြားချက်များနဲ့ ရဲမှတ်တမ်းများကို ကိုးကားပြီး သတင်းတွေက ရေးသားပါတယ်။ တကျော့ပြန် ရောဂါပိုးကူးစက်ခံရသူများလာတာနဲ့အမျှ မြန်မာနိုင်ငံတဝန်း Quarantine စင်တာတွေမှာလည်း နေ့စဉ်နဲ့အမျှ အသစ်ရောက်ရှိလာတဲ့ စောင့်ကြည့်ရမယ့် လူဦးရေတွေ တိုးလာပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ၂၀၂၀ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီအထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၉၂,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁,၉၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ Quarantine စင်တာတွေမှာ စောင့်ကြည့်လူနာတွေကို ထားရှိမှု အခြေအနေက နယ်မြေဒေသအလိုက် မတူကွဲပြားမှုတွေ ရှိနေပါတယ်။ တချို့သော Quarantine စင်တာတွေမှာ စောင့်ကြည့်လူနာ ထားသည့်ပုံစံက အမျိုးသား၊ အမျိုးသမီး ခွဲခြားထား တာမျိုး မဟုတ်ဘဲ အခန်းကပ်လျက်၊ အရှေ့နောက်ပုံစံ အစရှိတဲ့ အနေအထားမျိုးတွေ ရှိနေတဲ့အတွက် ဒီလိုထားရှိတဲ့ပုံစံက အမျိုးသမီးများအတွက်များစွာ မလုံခြုံမှုတွေ ရှိနေတယ်လို့လည်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ ဒေါ်နန်းဖြူဖြူလင်းက ဆိုပါတယ်။ “ဒီဟာက ဘာကို ပြတာလဲဆိုတော့ အမျိုးသမီးတွေရဲ့လုံခြုံရေးရော၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ထည့်သွင်းစဉ်းစားတတ်ဖို့ လိုနေပြီဆိုတာကို ပြတယ်” “Quarantine စင်တာတွေ စလုပ်ကတည်းက စပြောတယ်။ တံခါးရော ရှိရဲ့လား။ ဂျက်ကော ထိုးရဲ့လား။ အစောင့်ရော ရှိလားဆိုတော့… ပိုတယ်တွေ ဘာတွေ လုပ်တာ” လို့ AGIPP မှ နည်းပညာ အကြံပေး တစ်ဦးလည်း ဖြစ်သူ နန်းဖြူဖြူလင်းက ဆိုပါတယ်။ Quarantine စင်တာတွေမှာ နေဖို့ နေရာ စီစဉ်ပေးရုံအတွက်သာဆိုတဲ့ စဉ်းစားချက်မျိုး မဟုတ်ဘဲ၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးကလည်း အရေးကြီးကြောင်းကို ပြောခဲ့ပေမယ့် ဒီအလုပ်တွေဟာ အပိုအလုပ်တွေပါလို့ ထင်နေခဲ့ကြကြောင်း၊ ကြိုတင်ကာကွယ်နိုင်ဖို့ ပြောဆိုမှုတွေ လက်ခံခဲ့ပါက အခုလို ဖြစ်စဉ်မျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိကြောင်း နန်းဖြူဖြူလင်းက မှတ်ချက်ပြုပါတယ်။ တောင်ကြီးတက္ကသိုလ်ဝင်းအတွင်းရှိ Quarantine စင်တာမှာ ဖြစ်ပွားခဲ့တဲ့ ဓားထောက် မုဒိမ်းမှု ကျုးလွန်တာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှ အရပ်ဖက် အဖွဲ့အစည်း ၃၀၀ ကျော်တို့က ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၁ရက်နေ့က သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့ပါတယ်။ “ကျမကိုယ်တိုင်ကလည်း အခု တောင်ကြီးမှာ ရောက်နေတာလေ။ တောင်ကြီးအဖွဲ့နဲ့ပဲ ရှုတ်ချတဲ့အထဲမှာ ပါတယ်။ နာမည်လည်း ထည့်ထားပေးတယ်” လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။ အခုဖြစ်သွားခဲ့တဲ့ တောင်ကြီးတက္ကသိုလ် အဆောက်အဦးဟာ ပတ်ဝန်းကျင် အနေအထားအရ လုံခြုံမှု မရှိသလို လူသူကင်းမဲ့ တဲ့ နေရာမျိုးမှာလည်း ဖြစ်တယ်လို့ မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ (Myanmar Institute of Peace & Security Studies) မှ မပန်းမြိုင်က ဆိုပါတယ်။ “သူတို့ တစ်ယောက် တစ်ခန်းစီ နေရတယ်။ တစ်ယောက် တစ်ခန်းစီ ထားထားတဲ့ နေရာမှာ ဖြစ်သွားတယ်။ နောက်နောင် မဖြစ်အောင် ဒီပြည်နယ်အစိုးရကနေပြီးတော့မှ အမျိုးသမီးတွေအတွက်ပဲဖြစ်ဖြစ် Quarantine စင်တာကပဲ ဖြစ်ဖြစ် လုံခြုံရေးတွေကို တိုးမြှင့်ချထားပေးဖို့နဲ့ တကယ်ဂရုစိုက်ပေးဖို့လိုပါတယ်”လို့ မပန်းမြိုင်ကဆိုပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားရှိ Quarantine စင်တာတွေမှာ အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတာကြောင့် စက်တင်ဘာလ အတွင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်ရှိ Quarantine စင်တာမှာ အသွားအလာကန့်သတ် ခံထားရတဲ့ အမျိုးသမီးကို အဓမ္မမပြုကျင့်ဖို့ ကြံစည်ခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပညာရေးကောလိပ် ခြံဝင်းရှိ Quarantine စင်တာမှာ နေထိုင်ခဲ့တဲ့ အမျိုးသမီးတွေ လုံခြုံမှု မရှိသလို စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ရှိနေခဲ့တာကြောင့် ကာယကံရှင် အမျိုးသမီးတွေ ကိုယ်တိုင်က သူတို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို DVB သတင်းဌာနသို့ စက်တင်ဘာလအတွင်းက ပြောဆိုထားပါတယ်။ [caption id="attachment_426905" align="alignnone" width="536"] Photo: Kyi Phyu (HI)[/caption] ဒီလိုဖြစ်စဉ်မျိုးတွေရှိနေတဲ့အတွက် Quarantine စင်တာတွေမှာ အမျိုးသမီးတွေအတွက် လုံခြုံရေးကို ဘက်စုံ ထောင့်စုံမှ ထားရှိဖို့ တောင်းဆိုမှုတွေ ပြောတဲ့အခါ လက်မခံတဲ့ ဖြစ်ရပ်တွေလည်း  ကြုံတွေ့ရကြောင်း နန်းဖြူဖြူလင်းက ပြောပါတယ်။ “တမြို့ထဲသားချင်းပဲ ဘယ်သူက လုပ်မှာစိုးလို့လဲ။ ဘယ်သူက လုပ်မှာမို့လို့လဲ။ ဘာလဲ။ ညာလဲ။ ရွာမှာပဲ ဒီလောက်လုပ်တာကိုပဲ နင်တို့က ကျေးဇူးတင်ဦးဆိုတဲ့ ဟာတွေ ရှိတယ်။ အခုတော့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ဟာဖြစ်တယ်” လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။ အဓမ္မပြုကျင့်တဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့ တောင်ကြီးရှိ Quarantine စင်တာမှာ ရှိနေခဲ့တဲ့ အမျိုးသမီးတွေကို မေးမြန်းဖို့ HI သတင်းဌာနက သွားရောက်ခဲ့ပေမယ့် သူတို့နဲ့ တိုက်ရိုက် အဆက်အသွယ်မရခဲ့ပါ။ “အဲ့ဒီကောင်ကလည်း ဘယ်ကနေ ဝင်လာမှန်း မသိဘူး။ ရဲတွေလည်း စစ်ဆေးနေတုန်းပဲ”လို့ တောင်ကြီး တက္ကသိုလ်တက္ကသိုလ်ဝင်းအတွင်းရှိ Quarantine စင်တာတွင် ကြီးကြပ်နေသူ အမျိုးသားက ဆိုပါတယ်။ Quarantine စင်တာမှာ အမျိုးသားနဲ့ အမျိုးသမီး ခွဲထားဖို့နဲ့ ခွဲထားပြီးပါကလည်း မတွေ့ရဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ထားကြောင်း ဒါပေမဲ့ ဒေသဆိုင်ရာ ကိုဗစ်ကော်မတီ အဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်မှုမှာ မတူညီမှုတွေ ရှိနိုင်ကြောင်း ပြည်သူ့ကျန်းမာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။ “လုံခြုံရေးစည်းချိုးဖောက်တာတွေ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုမျိုး Rape ကတော့ မကြားဖူးဘူးပေါ့။ ကျနော်တို့ ဗဟိုအနေနဲ့ ကြားဖူးတာ ဒါပထမ ဆုံးပါပဲ” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ တောင်ကြီးအဖြစ်အပျက်ကို လိုက်လံစုံစမ်းနေတဲ့ အဆင့်သာ ဖြစ်သဖြင့် ဖြစ်စဉ်အသေးစိတ်ကို ပြောပြလို့ မရသေးကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးနေမျိုးက ပြောပါတယ်။ “ကျနော် လိုက်ပြီးတော့ အလုပ်လုပ်နေလို့ပါ။ ဆောင်ရွက်နေလို့ပါ။ ကျနော်တို့ လုပ်ငန်းမပြီးသေးရင် မကောင်းဘူးဗျ။ အဲ့တာကြောင့် စောလွန်းနေသေးတဲ့အတွက်ပါ” လို့ ရဲမှူး နေမျိုးက ပြောပါတယ်။ လက်ရှိအချိန်မှာ တောင်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။ မိုးမိုး၊ ကြည်ဖြူ။  hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024