ကျိုက်လတ်ဆေးရုံက ကုသရေးအဖွဲ့ဝင်အချို့ ကိုဗစ်-၁၉ ကူးစက်ခံရ
ပိုင်စိုး
·
December 1, 2020
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့မှာ ဆေးရုံက ကုသရေးအဖွဲ့ ၃ ဖွဲ့စလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေ ရှိနေတာကြောင့် လူနာတွေကို တခြားဆေးရုံသို့ လွှဲပို့ခဲ့ရသလို ယာယီဆေးရုံဖွင့်ပြီး ကုသနေရပါတယ်။
ကိုဗစ်ကာလဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းထဲမှာ ရောဂါကူးစက်ခံရရင် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ အဖွဲ့ ၃ ဖွဲ့ခွဲထားခဲ့ပေမယ့် ဝန်ထမ်းနဲ့ မိသားစုတွေထဲမှာ ကူးစက်ခံခဲ့ရတယ်လို့ မြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။
ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းက “နိုဝင်ဘာ ၂၈ ရက်က ဝန်ထမ်းတစ်ယောက်ဖျားတာကို စစ်တော့ ပေါ့စတစ်ဖြစ်နေတယ်။ ဒါနဲ့ သူ့မိသားစုကို စစ်တော့ နောက်ထပ် ၂ ယောက်မှာ ပိုးတွေ့တယ်။ အဲဒီထဲက တယောက်က နောက်တဖွဲ့ရဲ့ ဝန်ထမ်းဖြစ်နေတော့ အဖွဲ့ ၂ ခု ထိသွားတာပေါ့” လို့ ပြောပါတယ်။
ဒီထဲက တယောက်ကတော့ ကလေးတစ်ဦးဖြစ်ပြီး ကျန်တဲ့ အဖွဲ့တဖွဲ့တည်းနဲ့ ကုသရေးလုပ်ငန်းတွေ ဆက်လုပ်နေခဲ့တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ အဖွဲ့တဖွဲ့ကို ၁၂ ယောက်နဲ့ ဖွဲ့ထားပြီး အခု ပိုးတွေ့တာက လုပ်သားဝန်ထမ်းတွေဖြစ်ပါတယ်။
အဲဒီ ၂ ဖွဲ့က ဝန်ထမ်းမိသားစုတွေကို အသွားအလာကန့်သတ်ထားခဲ့ပြီး ကျန်တဲ့တဖွဲ့ရဲ့ ဝန်ထမ်းတယောက်ကလည်း နိုဝင်ဘာ ၃၀ ရက်က ဖျားလို့စစ်ရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တယ်လို့ ပြောပါတယ်။
“အခုတော့ ဝန်ထမ်း ၃ ယောက်နဲ့ မိသားစုဝင် ၄ ယောက် ပေါ့စတစ် တွေ့ထားပါတယ်။ ကွာရန်တင်းစင်တာမှာ ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော်ရှိပါတယ်။ ဒါတွေက RTD (အမြန်စစ်ကိရိယာ) နဲ့ စစ်ထားတာတွေပါ။ ဒီနေ့တော့ Team တခုက ၁၁ ယောက်ကို Gen Expert စက်နဲ့ စစ်ဖို့ ပုသိမ်ကို ပို့ထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိ ဆေးရုံမှာ သံသယလူနာ ၃ ယောက်နဲ့ ကိုဗစ် ပိုးတွေ့လူနာ ၁၅ ယောက်ရှိနေပြီး တခြား အရေးပေါ်လူနာတွေကိုတော့ ကျိုက်လတ် ဂျီတီအိုင်ကျောင်းမှာ အရေးပေါ် ယာယီဆေးရုံ ဖွင့်ပြီး လက်ခံ ကုသပေးနေတာဖြစ်ပါတယ်။
ကျိုက်လတ် ဆေးရုံမှာ ဆရာဝန် ၃ ယောက်ပဲရှိတာကြောင့် နယ်က ဆရာဝန်တွေ၊ ပြည်သူ့ကျန်းမာရေးက ဆရာဝန်တွေကိုလည်း ခေါ်ထားရတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။
အရေးကြီးတဲ့ လူနာတွေကိုတော့ နီးစပ်ရာ မအူပင်နဲ့ ဖျာပုံဆေးရုံဆီကို လွှဲပြောင်းပေးနေပြီး မနက်ဖြန်လောက်ဆိုရင်တော့ အဖွဲ့ထဲက ပိုးမတွေ့သူတွေနဲ့ လုပ်ငန်းတွေပြန်စဖို့ စီစဉ်နေတယ်လို့ လည်း ပြောပါတယ်။
ကျိုက်လတ်မြို့နယ်မှာ အခုချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁၉၁ ယောက်ရှိပါတယ်။