အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားနေသည့် ကလေးမြို့နယ်၌ ဝက်သေဆုံးမှု နည်းပါးသွား
DVB
·
December 1, 2020

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ အာဖရိကဝက်အဖျားရောဂါ ဖြစ်ပွားနေပြီး နိုဝင်ဘာ၂၅ ရက် နောက်ပိုင်းမှာတော့ ဝက်တွေသေဆုံးမှုမရှိတော့ဘူးလို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမှိန်းထန်းဇီးက “ကာကွယ်ဆေးလည်းမရှိဘူး။ ကုသတဲ့ဆေးလည်း မရှိဘူး။ မွေးမြူတဲ့သူတွေနဲ့ ဝိုင်းဝန်းပြီး ကူးစက်မှုကို ဖြတ်တောက်နိုင်ရင်တော့ ကူးစက်တာရပ်သွားတာ မြန်မှာပေါ့” လို့ ပြောပါတယ်။
ဝက်မွေးမြူသူတွေအနေနဲ့ တိုက်တွန်းနိုးဆော်ချက်တွေကို လိုက်နာဖို့၊ မွေးမြူထားတဲ့ဝက်တွေ သေဆုံးခဲ့ရင် မြေမြုပ်ဖို့၊ အသားဖြတ်ပြီးရောင်းချတာမျိုးတွေ မပြုလုပ်ဖို့၊ တခြားဝက်ခြံကို သွားကြည့်တာမျိုးနဲ့ ကိုယ့်ဝက်ခြံကို သူများတွေ လာရောက်ခွင့်မပြုဖို့လည်း ဒေါက်တာ မှိန်းထန်းဇီး ပြောပါတယ်။
အာဖရိကဝက်အဖျားရောဂါနဲ့ ပတ်သက်ပြီး ဈေးတွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးနေပြီး ရွာတွေမှာ ပညာပေးဟောပြောပွဲလေးတွေလည်း လုပ်ပေးသလို ရောဂါဖြစ်ကာစက မြို့နယ် စီမံခန့်ခွဲမှုကော်မတီကနေ ရပ်ကွက်ကျေးရွာ အားလုံးကို စာတွေနဲ့ အသိပေးတာမျိုးတွေလည်း လုပ်ဆောင်တာရှိပါတယ်။
အာဖရိကဝက်အဖျားရောဂါပိုးဟာ လူတွေကို အန္တရာယ်ဖြစ်စေတာနဲ့ ကူးစက်စေတာတော့ မရှိဘူးလို့ သိရပါတယ်။