A d v e r t i s e m e n t With Us

နိုင်ငံများ၏လုံခြုံရေးကို တရုတ်က ခြိမ်းခြောက်ရန် ကြိုးပမ်းနေဟု နေတိုးအဖွဲ့ ပြော

တရုတ်ပြည်မကြီး အစိုးရဟာ လက်နက်အသစ်တွေအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပြီး တခြားနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ်လို့ နော်ဝေ ဝန်ကြီးချုပ်ဟောင်းက နေတိုးအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်အတ္တလန္တိတ် သဘောတူညီချက်ကို ပါဝင်ချုပ်ဆို လက်မှတ်ထိုးထားတဲ့အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတော့တန်ဘာ့ဂ်က “တရုတ်နိုင်ငံရဲ့ တိုးတက်မှုဟာ ကျနော်တို့ စီးပွားရေးအတွက် အရေးပါတဲ့ အခွင့်အလမ်းဖြစ်သလို ကျနော်တို့ လုံခြုံရေးအတွက် အရေးကြီးတဲ့စိန်ခေါ်မှုတွေလည်း ဖြစ်တယ်။ တရုတ်ဟာ ကျနော်တို့ရဲ့ အခြေခံအဆောက်အဦ တွေထဲမှာ ရင်းနှီးမြှုပ်နှံရင်း အာတိတ်ကနေ အာဖရိကထိ ကျနော်တို့နဲ့ ပိုနီးကပ်လာနေတယ်။ ဒီအရေးကိစ္စအတွက် အတူပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်” လို့  မဟာမိတ်တွေကို  နိုဝင်ဘာ ၃၀ မှာ တိုက်တွန်း ပြောလိုက်ပါတယ်။ နေတိုးအဖွဲ့ဟာ အတ္တလန္တိတ် မိတ်ဖက်ဖြစ်မှုကို ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် ၁၃၈ ချက် ပါဝင်တဲ့ နေတိုး ၂၀၃၀ အစီရင်ခံစာကို ဒီဇင်ဘာ ၁ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ ဒီဆယ်စုနှစ်အတွင်း ရုရှားက အဓိကရန်သူပြိုင်ဘက်အဖြစ် ဆက်ရှိနေပေမယ့် တရုတ်နဲ့ သူ့ရဲ့ စစ်ရေးတိုးတက်မှုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ပိုပြင်းပြင်းထန်ထန် စဉ်းစားကြဖို့ အစီရင်ခံစာ ရေးသူတွေက နေတိုးအဖွဲ့ကို တိုက်တွန်းထားပါတယ်။ နေတိုးအဖွဲ့ရဲ့ တုံ့ပြန်မှုအစိတ်အပိုင်းဟာ ကွန်ပျူတာကွန်ရက်နဲ့ အခြေခံအဆောက်အအုံကို ကာကွယ်ရင်း တရုတ်အပေါ် နည်းပညာဆိုင်ရာ အသာစီးယူနိုင်မှုကို ထိန်းထားသင့်တယ်လို့ အစီရင်ခံစာကို ကိုးကားပြီး သံတမန်တယောက်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up