DVB Logo
Home
မြန်မာသတင်း
ရခိုင်သယံဇာတ ပြည်သူများ ခံစားခွင့်ရရေး လှုပ်ရှားဆောင်ရွက်
DVB
·
August 18, 2013
Donate to DVB

ရခိုင်ပြည်နယ်ကနေ ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ဒေသခံတွေ ပိုင်ဆိုင်ခွင့်၊ စီမံခံစားပိုင်ခွင့်ရရေးအတွက် ရခိုင်သယံဇာတများ အကျိုးခံစားခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီက ပြည်နယ်တ၀ှမ်း လက်မှတ်ရေးထိုးလှုပ်ရှားမှုတွေ ဒီနေ့ စတင်ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ မြို့နယ်မှာ တပြိုင်တည်း ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဦးဆောင်လှုပ်ရှားတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ ဦးခိုင်ပြည်စိုးက အခုလိုပြောပါတယ်။

“ကျနော်တို့ ဒီနေ့ ရခိုင်ပြည်နယ် ၁၇ မြို့နယ် အပါအ၀င် ရန်ကုန်မှာ မနက် ၉ နာရီက ဆိုင်းဘုတ်တင်တယ်။ အဲဒီ ဆိုင်းဘုတ်က ဘာလဲဆိုတော့ ရခိုင် သယံဇာတ အကျိုးခံစားခွင့် ရရှိရေး အားလုံးပါဝင် လက်မှတ်ထိုးပေး ဆိုတဲ့ ဆိုင်းဘုတ်ကို ကျနော်တို့ ၉ နာရီက ၁၇ မြို့နယ်စလုံးမှာ တင်တယ်။ ၁ နာရီမှာ မြို့နယ် ၁၇ မြို့နယ်စလုံးမှာ ဟောပြောပွဲတွေ လုပ်မယ်၊ ဟောပြောပွဲ တက်ရောက်လာတဲ့ လူတွေကို ကျနော်တို့က လက်မှတ်ရေးထိုးမယ်။ မနက်ဖြန်ကစပြီးတေ့ မြို့နယ်တိုင်းမှာ ကျနော်တို့ လက်မှတ်ရေးထိုးပြီးတော့ ရခိုင် သယံဇာတ အကျိုးခံစားခွင့် ရရှိရေး ကန်ပိန်းတခုလုပ်သွားဖို့ စီစဉ်ထားပါတယ်”  လို့ ပြောပါတယ်။

ဆန္ဒပြုလက်မှတ် စုဆောင်းရတဲ့ ရည်ရွယ်ချက်ကို ဦးခိုင်ပြည်စိုးက “ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်။ ဒုတိယ အဆင်းရဲဆုံး ဘာကြောင့် ဖြစ်နေရသလဲလို့ ကျနော်တို့ ပြန်လည်သုံးသပ်တဲ့အခါမှာ ရခိုင်ပြည်နယ် စီးပွားရေး လုပ်ငန်း စက်ရုံ၊ အလုပ်ရုံ မရှိဘူး။ လယ်ယာနဲ့ သားငါး တခုတည်းပဲ ရှိတယ်။ ရခိုင်ပြည်နယ်က သဘာဝ သယံဇာတတွေ ထွက်နေရဲ့သားနဲ့ အကျိုးခံစားခွင့် တစုံတရာ ရပိုင်ခွင့်မရှိဘူး။ ဒီအတွက် ကျနော်တို့ တစုံတရာ အကျိုးခံစားခွင့် ရရှိသင့်တယ်လို့ ယုံကြည်တယ်လေ။ အထူးသဖြင့် ကျောက်ဖြူက ထွက်နေတဲ့ ရွှေသဘာဝဂက်စ် တရုတ်ပြည်ကို ပိုလွှတ်နေပြီ။ အဲဒီလို ပို့လွတ်တဲ့ အခါမှာလည်း တနေ့ကို ကုဗပေ သန်း ၅၀၀ လွှတ်မယ့် အထဲမှာ ပြည်တွင်းသုံးဖို့ ၁၀၀ မှာမှ ကျောက်ဖြူအတွက် ၂၀ ပဲ ခွဲတမ်းရတယ်ဆိုတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ တော်တော်လေး ခံစားရတယ်” လို့ ပြောပါတယ်။

ရခိုင်သယံဇာတများ အကျိုးခံစားခွင့်ရရှိရေး လှုပ်ရှားမှုကော်မတီကို ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာရ်အန်ဒီပီ) ဌာနချုပ်မှာ ဇူလိုင် ၂၅ ရက်နေ့က စတင်ဖွဲ့စည်းပြီး အခုလို လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ထွက်ရှိနေတဲ့ သယံဇာတတခုဖြစ်တဲ့ ကျောက်ဖြူက ထွက်နေတဲ့ ရွှေသဘာဝဂက်စ်ကို ဇူလိုင် ၂၈ ရက်နေ့က စပြီးတော့ တရုတ်ပြည်ကို ပိုလွှတ်နေပါတယ်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရောင်းချသူဘက်က ရှယ်ယာမှာ အစိုးရက ၇.၃၆၅ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ရာခိုင်နှုန်းကို နိုင်ငံခြားကုမ္ပဏီတွေ ထည့်ဝင်ကြတာ ဖြစ်ပါတယ်။ မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းမှာ အစိုးရက ၄၉.၁ ရာခိုင်နှုန်း အစုရှယ်ယာထည့်ပြီး CNPC-SEAP က ကျန်ရှယ်ယာ ရာခိုင်နှုန်းထည့်ဝင်ထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခ ၁ နှစ်ကို ဒေါ်လာ ၆.၀၉၅ သန်းနဲ့ ရေနံပိုက်လိုင်းဖြတ်သန်းခအဖြစ်  ၁ နှစ်ကို ဒေါ်လာ ၆.၀၉၅ သန်း ခံစားရမှာဖြစ်ပါတယ်။ ရေနံဖြတ်သန်းခအဖြစ် ရေနံ ၁ တန်ကို ၁ ဒေါ်လာ ခံစားရဦးမှာဖြစ်သလို ပြည်တွင်းသုံးစွဲဖို့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပမာဏတချို့ ရရှိသုံးစွဲရမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013