ကိုဗစ်-၁၉ လူနာသစ် ၁၂၂၇ ဦးတွေ့ရှိ၊ သေဆုံးသူ ၂၃ ဦး ထပ်တိုး
DVB
·
November 30, 2020
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာသစ် ၁,၂၂၇ ယောက်နဲ့ သေဆုံးသူ ၂၃ ယောက် ထပ်တိုးလာတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူ ၂၃ ယောက်ထဲမှာ အယောက် ၂၀ က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၉ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁၅,၉၃၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၁,၂၂၇ ယောက်ထပ်မံတွေ့ရှိခဲ့တာပါ။
လူနာသစ်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာဒီနေ့ ဆေးရုံမှဆင်းခွင့်ရသူ ၁,၂၄၆ ယောက်ရှိပြီး ပြည်သူ့ဆေးရုံတွေက ၄၀၅ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၈၄၁ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၁၃၃၆ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၃၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၉၀,၇၁၃ ယောက်၊ သေဆုံးသူ ၁,၉၄၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၇၀,၁၅၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၃ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၃ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။