Home
လွှတ်တော်/ဥပဒေရေးရာ
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့ ဆွေးနွေး
DVB
·
August 16, 2013
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အရပ်ဘက် ကိုယ်စားလှယ်တွေက အသင်းအဖွဲ့တွေ မှတ်ပုံတင်တာကို ဆန္ဒအလျောက် ဖြစ်စေချင်ပေမယ့် လွှတ်တော်က ရေးရာ ကော်မတီတွေကတော့ မှတ်ပုံတင်ဖို့ ဆန္ဒရှိနေပါတယ်။ လွှတ်တော်မှာတင်ပြထားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းဟာ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ဗဟိုအဖွဲ့က အသင်းအဖွဲ့တွေကို စိစစ်၊ ရွေးချယ်၊ ဆုံးဖြတ်နိုင်တယ်လို့ ပါရှိသလို မှတ်ပုံမတင်ဘဲ ဖွဲ့ရင် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်လည်း ပါရှိတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရတာပါ။ ဒီဥပဒေကြမ်းကို အရပ်ဘက်အဖွဲ့အစည်း ၂၀၀ လောက်က ဆန့်ကျင်ခဲ့ပြီးတဲ့နောက်    ဩဂုတ် ၁၅ ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးပွဲလုပ်ခဲ့တာပါ။ နေပြည်တော် သင်္ဂဟဟိုတယ်မှာ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိ-သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဘက်စလုံးက ကိုယ့် အယူအဆကို ဆက်လက်စွဲကိုင်ထားကြတာနဲ့ အဆုံးသတ်ခဲ့ပါတယ်။ အခြေခံဥပဒေအရ အသင်းအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိပေမယ့် မှတ်ပုံတင်ဖို့ မလိုဘူးလို့ ဆိုလိုတာမဟုတ်ကြောင်းနဲ့ လူမှုအဖွဲ့အစည်းတွေဟာ တရားဝင် အခြေအနေတခု ရှိသင့်တဲ့အတွက် မှတ်ပုံတင်ဖို့ လိုအပ်တဲ့အကြောင်း ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောပါတယ်။ “လူထုအခြေပြု အဖွဲ့အစည်းတွေအတွက် ဥပဒေကြောင်းအရ တရားဝင် ရပ်တည်မှု အဆင့်အတန်းရှိလာမှ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာရှိမယ်၊ ဒါကြောင့် လိုအပ်တယ်၊ မှတ်ပုံတင် လုပ်ထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကျနော်တို့ စွဲဆိုတဲ့ဟာ သိက္ခာရှိစွာနဲ့ နိုင်ငံအကျိုးတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် မှတ်ပုံတင်ရမယ်၊ ကျနော်တို့ ရဲ့အခွင့်အရေး ဖြစ်ပါတယ်။” ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးကိုကိုကြီးကတော့ ဥပဒေကြမ်းမှာ အသင်းအဖွဲ့တွေကို အကာအကွယ်ပေးတဲ့ အပိုဒ်တွေကို မတွေ့ရှိမိဘူးလို့ ပြောပါတယ်။ “မှတ်ပုံတင်ခြင်းဟာ စိတ်ဆန္ဒအလျောက် မှတ်ပုံတင်ခြင်း ဖြစ်သင့်တယ်။ နောက် မှတ်ပုံမတင်ချင်သေးတဲ့ အဖွဲ့အစည်းတွေးလည်းပဲ သူတို့ ဒီထက် ပိုပြီးတော့ ကျယ်ပြန့်တဲ့ပမာဏကို လုပ်ချင်လာပြီဆိုရင် မှတ်ပုံတင်မှ ဖြစ်တော့မယ်၊ မှတ်ပုံတင်မှ အခွင့်အရေးတွေ ရမယ်၊ မှတ်ပုံတင်မှ ဒီလိုအကာအကွယ်တွေ ရမယ်ဆိုတာဟာ လောလောဆယ်မှာ မှတ်ပုံမတင်နိုင်သေးတဲ့ အဖွဲ့အစည်းများ အတွက်လည်း ကြီးမာတဲ့ ဆွဲဆောင်မှု တခုဖြစ်တယ်။ ဒါကြောင့်မို့ ဒီဥပဒေမှုကြမ်းဟာ အသင်းအဖွဲ့တွေကို မှတ်ပုံတင်ဖို့သာ တိုက်တွန်းထားတယ်၊ မှတ်ပုံမတင်ရင် ပြစ်ဒဏ်ဆိုတဲ့ အပိုင်းကို လျော့ပေါ့တယ်ဆိုပေမယ့် တည်ရှိနေဆဲဖြစ်တယ်။ သို့သော် အသင်းအဖွဲ့တွေကို အကာအကွယ်ပေးမယ့် အပိုဒ် မတွေ့သေးတာ သတိထားမိပါတယ်။” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ ဥပဒေတခု လိုအပ်တယ်လို့ ပြောပါတယ်။ အရပ်ဘက်အဖွဲ့အစည်း အရေးဆောင်ရွက်နေတဲ့ ဒေါက်တာကျော်သူကတော့ ဒီဥပဒေကြမ်းကို ပြည်တွင်းအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအဖြစ် အမည်ပေးသင့်သလို ဥပဒေမှာ ထည့်သွင်းထားတဲ့ ပြစ်ဒဏ်တွေကို ဖယ်ပေးဖို့ ဆွေးနွေးတင်ပြပါတယ်။ “ဒီအသင်းအဖွဲ့ ဖွဲ့စည်းမှုက ကျနော်တို့ဆီမှာ သေချာပေါက်လိုတယ်၊ ဥပဒေ တခုခုပေါ့နော်။ ဒီအဖွဲ့အစည်းလေးတွေ နိုင်ငံမှာ ပေါ်ပေါက်မှာလည်း  ဒီမိုကရေစီကို ပြန်ထိန်းလို့ရမှာ။ ကျနော်တို့  မဏ္ဍိုင်ကြီး သုံးရပ်ရော အကုန်လုံးကို ထိန်းကျောင်းနိုင်တာ ဒီအရပ်ဘက် အဖွဲ့အစည်းတွေက ထိန်းကျောင်းနိုင်တာကိုးဗျ။ အစိုးရမလုပ်နိုင်တဲ့ လုပ်ငန်းတွေလည်း အများကြီးရှိသေးတာကိုး။ ကျနော်တို့နိုင်ငံမှာ နာဂစ်ပြီးတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ပေါ်လာလိုက်တာ အပြိုင်းအရိုင်းပဲလေ။ ဒီအဖွဲ့လေးတွေ ယှဉ်ပြိုင်ရပ်တည်ဖို့ဆိုရင် ကျနော်တို့ မြေတောင် မြောက်ပေးမယ့် ဥပဒေဆိုတာ လိုလာတာပေါ့ဗျာ။ တခြားနိုင်ငံတွေမှာလည်း အသင်းပင်းအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကြည့်ရမှာက ကျနော်တို့နိုင်ငံမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းလေးတွေ အားပေးတဲ့ အချက်အလက်တွေပါမှ ဖြစ်မှာဗျ။” တက်ရောက်လာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေကလည်း လူမှုရေး လုပ်ငန်း ဆောင်ရွက်ရာမှာ အာဏာပိုင်တွေရဲ့ဖိနှိပ်မှုတွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တဦးက ဆေးခန်းဖွင့်လှစ်ရာမှာ အာဏာပိုင်တွေရဲ့ ကန့်သတ်တားမြစ်ချက်တွေကို အခုလို ပြောပါတယ်။ “ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း မဆန့်ကျင်အောင်၊ နိုင်ငံတကာ စံချိန်နဲ့လည်း ညီအောင် အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးပြီးတော့ မှတ်တမ်းတင်တဲ့စနစ်ထားသင့်ပါတယ်။ သူတို့ဘာသာ သူတို့ ဖွဲ့ပါ။ မှတ်တမ်းတင်တဲ့ရုံးထားပေးပါ။ မော်ကွန်းထားပေးပါ။ ၂ အချက် မိမိတို့ ဆန္ဒအလျောက် မှတ်ပုံတင်ချင်တဲ့ အဖွဲ့တွေ ရှိပါလိမ့်မယ် အဲဒီအတွက် မှတ်ပုံတင်ရုံးတွေ ဖွင့်ပေးပါ။ အဲဒီဟာတွေ ခုနဆွေးနွေးသွားတဲ့ အတိုင်းပဲ မှတ်ပုံတင်လိုသူများ တင်ခွင်ရတဲ့ စနစ်ဖော်ထုတ်ပေးပါ။ နောက်ဆုံးအချက်ကတော့ ပြစ်ဒဏ်အခန်းများ မလိုအပ်တော့ပါ၊ ပြစ်ဒဏ်အခန်းတွေ ဖြတ်သိမ်းလိုက်ပါ။” ဇူလိုင် ၂၅ ရက်နေ့မှာ ဒီဥပဒေမူကြမ်းကို အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးက အဆိုပြုခဲ့တာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024