Home
မြန်မာသတင်း
မိတ္ထီလာခရိုင်ဆေးရုံကြီးတွင် ရောဂါအခံရှိသည့် ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံး
DVB
·
November 29, 2020
မန္တလေးတိုင်း မိတ္ထီလာမြို့ မိတ္ထီလာခရိုင်ဆေးရုံကြီးမှာ နိုဝင်ဘာလ ၂၉ ရက်မနက်က အခြားရောဂါအခံရှိနေတဲ့ ကိုဗစ်-၁၉ လူနာ အမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မိတ္ထီလာခရိုင်ဆေးရုံအုပ်ဆရာဝန်ကြီး ဒေါက်တာဦးညွှန့်စိန်က "အဲဒီလူနာက ကင်ဆာရောဂါနဲ့ သွေးအားနည်းရောဂါတွေ ရှိနေတယ်။ မန္တလေးဆေးရုံကြီးမှာ ဆေးကုနေတာ ကြာပြီ။ မိတ္ထီလာဆေးရုံကို လာပြတော့ ဆေးစစ်လိုက်တာက ကိုဗစ်-၁၉ရောဂါပါ တွေ့ရတယ်။ အဲဒါနဲ့ သီးသန့်ဆောင်မှာ ထားပြီး ဆေးကုသပေးနေတာ ဒီနေ့မနက်တော့ ဆုံးသွားတယ်။ မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်လူနာအနေနဲ့ ပထမဆုံး သေဆုံးမှူပါပဲ" လို့ ပြောပါတယ်။ သေဆုံးသွားသူဟာ မိတ္ထီလာမြို့နယ် အုံတုံကျေးရွာနေ အသက် ၅၄ နှစ်အရွယ်အမျိုးသမီးဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ အဲဒီအမျိုးသမီးကို ပရဟိတအဖွဲ့တွေပေါင်းပြီး သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ရန်အောင်မြင်လူမှူကူညီရေးအသင်း ဦးအောင်ဆန်းက ပြောပါတယ်။ မိတ္ထီလာခရိုင်ဆေးရုံကြီးမှာ ကိုဗစ်၁၉ရောဂါ အတည်ပြုလူနာ ၁၄၅ ဦးရှိတဲ့အနက် ၁၁၆ ဦးက ဆေးရုံဆင်းသွားခဲ့ပြီး ၂၉ ဦးသာ ဆေးရုံမှာ ကျန်ရှိတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ – မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024