Homeမြန်မာသတင်း
ရေးမြို့ဒေသခံ ၅၀၀၀ ကျော်ကို အကျိုးပြုသည့် ယာယီတံတားအား နှစ်စဉ်ကိုယ်ထူကိုယ်ထ တည်ဆောက်နေရ
ရေးမြို့ဒေသခံ ၅၀၀၀ ကျော်ကို အကျိုးပြုသည့် ယာယီတံတားအား နှစ်စဉ်ကိုယ်ထူကိုယ်ထ တည်ဆောက်နေရ
DVB
·
November 29, 2020
ရေးမြို့နယ်မှာ ဒေသခံပြည်သူ ၅၀၀၀ ကျော် အကျိုးပြုနေတဲ့ ယာယီတံတားအား နှစ်စဉ်ကိုယ်ထူကိုယ်ထ တည်ဆောက်နေရတာကြောင့် ရာသီဥတုဒဏ်ခံနိုင်တဲ့ တံတားတစ်စင်း တည်ဆောက်ပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အရှေ့ပိုင်းက ကျေးရွာ ၁၀ ရွာကျော်မှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူ ၆၀၀၀ ကျော်ရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ဒေသထွက်သီးနှံတွေ သယ်ယူပို့ဆောင်နိုင်ဖို့ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာက ကျောင်းရွာချောင်းကိုဖြတ်ပြီး ဒေသထွက် သစ်၊ ဝါးတွေ နဲ့ နှစ်စဉ် ယာယီတံတားအဖြစ် တည်ဆောက်နေရပါတယ်။
အခုနှစ်တည်ဆောက်တာအပါအဝင် ၈ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ရေးမြို့နယ်အရှေ့ပိုင်းကျေးရွာတွေဖြစ်တဲ့ အိုင်ရှည်၊ ကမ်းနီ၊ ကိုင်းတော၊ အောက်ရွာ၊ သုံးတန်ကူး၊ ဖလံ၊ ရစ်ချောင်း၊ ကနီးစတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေအတွက် အကျိုးရှိတဲ့ ယာယီတံတားလည်း ဖြစ်တာပါ။
ရေစီးသန်တဲ့ ချောင်းဖြစ်တာမို့ ပွင့်လင်းရာသီအချိန် နိုဝင်ဘာလမှ ဇွန်လအထိသာ ယာယီတံတားအဖြစ် ဆောက်လုပ်ကြတာဖြစ်ပြီး မိုးတွင်းချိန်မှာတော့ ဒေသခံတွေအနေနဲ့ ကူးတို့နဲ့သာ ကူးသန်းသွားလာနေရတာပါ။
တံတားတည်ဆောက်ရေး ဦးဆောင်သူတဦးဖြစ်တဲ့ အိုင်ရှည်ကျေးရွာနေ ရပ်မိရပ်ဖ ဦးမောင်က “မိုးတွင်းချိန်က ရေစီးသန်တော့ တံတားကိုပြန်ဖြုတ်ပြီး ကူးတို့နဲ့ပဲ ကူးသန်း သွားလာနေရတယ်။ ချောင်းတဖက်ကမ်းက ဒေသခံတွေရဲ့ ကိစ္စအဝဝအတွက် အရေးပါတဲ့ တံတားတစင်းလည်းဖြစ်လို့ နှစ်စဉ် ကိုယ်ထူကိုယ်ထနဲ့ပဲ တည်ဆောက်နေရတယ်” လို့ ပြောပါတယ်။
၁၆၆ ပေ အရွယ်ရှိတဲ့ အဲဒီတံတားရဲ့ ကုန်ကျငွေက ငွေကျပ်သိန်းပေါင်း ၆၀ ကျော်လောက်ရှိပေမယ့် ကျေးရွာနေပြည်သူတွေရဲ့ အလှူငွေ၊ ပစ္စည်းထည့်ဝင်မှု၊ လုပ်အားစိုက်ထုတ်မှုနဲ့ နှစ်စဉ်ငွေကျပ် ၇ သိန်းခန့်သာ ကုန်ကျခံပြီး ယာယီတံတားအဖြစ် အသုံးပြုနေရတာပါ။
အိုင်ရှည်ကျေးရွာနေ ဒေသခံခြံစိုက်တောင်သူတဦးဖြစ်တဲ့ ကိုကျော်စိုးက “ဒီလို ယာယီတံတားအစား ရာသီဥတုဒဏ်ခံနိုင်တဲ့ တံတားတစ်စင်း လုပ်ပေးစေချင်တယ်၊ လုပ်ဖို့ရှိတာတော့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းကကြားနေပေမဲ့ ခုထိတော့ ဘာမှထပ်မကြားတော့ဘူး။ အခိုင်အမာတံတားဖြစ်လာရင်တော့ ဒီတံတားအတွက်နှစ်စဉ်တည်ဆောက်တဲ့ငွေ၊ နောက်ပြီးတော့ မိုးတွင်းခါ ကူးတို့အဖြစ် ရွာသားတွေ အသုံးပြုရငွေတွေကို ဒေသရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပြန်သုံးလို့ရတာပေါ့” လို့ မှတ်ချက်ပြုပါတယ်။
အဲဒီက ဒေသခံတွေအနေနဲ့ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေအပြင် တိုက်နယ်ဆေးရုံရှိတဲ့ ကျောင်းရွာကျေးရွာကို ကျန်းမာရေးကိစ္စတွေနဲ့ လာရောက်ရာမှာလည်း အဲဒီတံတားက များစွာအကျိုးဖြစ်တာမို့ ရာသီမရွေးသွားလာနိုင်ပြီး အခိုင်အမာရှိတဲ့ တံတားတစ်စင်း ဆောက်လုပ်ပေးဖို့ လိုလားနေကြပါတယ်။
အဲဒီကဒေသခံတွေအနေနဲ့ ရော်ဘာ၊ ကွမ်းသီး အစရှိတဲ့ ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးတော့ ချောင်းတစ်ဖက်ကမ်း ကျောင်းရွာကျေးရွာကနေတဆင့် ရေးမြို့ကို ဒေသထွက်သီးနှံတွေ သယ်ယူပို့ဆောင်ရောင်းချနေကြရတာပါ။
သတင်း၊ ဓာတ်ပုံ - ဝင်းနိုင်သက်