မန္တလေးမြို့တွင် ကိုဗစ်လူနာများအား ကုသစောင့်ရှောက်ပေးနေသူများကို ဂုဏ်ပြုထောက်ပံ့
DVB
·
November 29, 2020
ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ထားရှိတဲ့ ဆေးရုံ ၉ ခုက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ၁ ဦးကို ၄ သောင်းကျပ်နှုန်း ကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်တွေက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဂုဏ်ပြုထောက်ပံ့ခဲ့ပါတယ်။
ဒီလိုဂုဏ်ပြုတာကို ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ ကျောက်ဝိုင်းအကျိုးတော်ဆောင်ကော်မတီ နဲ့ ကျောက်စိမ်းလုပ်ကိုင်သူတွေက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး တတ်နိုင်သလောက် ကူညီပေးတာလို့ ဆိုပါတယ်။
ဂုဏ်ပြုထောက်ပံ့ခဲ့တဲ့ ဆေးရုံတွေကတော့ ကန်တော်နဒီဆေးရုံ၊ ခုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံ၊ တိုင်းရင်းဆေးရုံ၊ ၆၂ လမ်းသံဃာ့ဆေးရုံ၊ Multi Stadium ယာယီဆေးရုံ၊ ဇိဝိတဒါနသံဃာ့ဆေးရုံ၊ အလုပ်သမားဆေးရုံ၊ ပုသိမ်ကြီးဆေးရုံနဲ့ သူနာပြုတက္ကသိုလ် ယာယီဆေးရုံတို့ ဖြစ်ပါတယ်။
ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း ၂၇၄ ဦးကို ဂုဏ်ပြုထောက်ပံ့ခဲ့တာပါ။