မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ယခင်နှစ်များထက် ၆ ဆ ကျော်ပိုလာ
DVB
·
November 28, 2020
မြန်မာနိုင်ငံမှာ ၂၀၁၉-၂၀ နှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးနိုင်တာဟာ အရင်နှစ်တွေထက် ၆ ဆ ကျော်ပိုလာတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောပါတယ်။
Video Conferencing စနစ်နဲ့လုပ်တဲ့ ၁၄ ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။
၂၀၁၉-၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးနိုင်တာဟာ အရင်နှစ်တွေထက် ၆ ဆခွဲလောက်ပိုလာပြီး အကြမ်းဖက်မှုပြဿနာဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာတွေနဲ့ ထဲထဲဝင်ဝင် ပါဝင်ဆက်စပ်မှုရှိနေတယ်လို့ ဗိုလ်ချုပ်စိုးတင့်နိုင်က ပြောပါတယ်။
မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်အရေးကိစ္စမှာ အကြမ်းဖက်ဝါဒ အတွင်းကျကျ ဆက်စပ်နေတဲ့အတွက် လက်မခံကြဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဝါဒဖြန့်တာကို ရပ်တန့်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် ရာဇဝတ်မှုခင်းဂိုဏ်းများအားလုံးနဲ့ ဆက်စပ်နေတဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို မိမိတို့ အလေးထားဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအစည်းအဝေးကို ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တာပါ။
Photo : Ministry of Home Affairs, Myanmar