မကွေးတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၃၉ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၃၃၉ ဦး ရှိလာ
DVB
·
November 28, 2020
မကွေးတိုင်းဒေသကြီးမှာ အတည်ပြုလူနာသစ် ၃၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၁၃၃၉ ဦး ရှိပြီလို့ တိုင်းကျန်းမာရေးက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
မကွေးမြို့က ၁၀ ဦး၊ အောင်လံ ၈ ဦး၊ စလင်း ၆ ဦး၊ နတ်မောက် ၅ ဦး၊ ဆင်ပေါင်ဝဲ ၄ ဦး၊ တောင်တွင်းကြီး ၂ ဦး၊ မြိုင် ၃ ဦးနဲ့ စေတုတ္တရာက ၁ ဦးတို့မှာ ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပိုးတွေ့လူနာများအနက် RDT Test Kit နဲ့ စစ်ဆေးတဲ့ အောင်လံက ၄ ဦးမှာ ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေမှုရှိတာကြောင့် အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ္။ RDT Test Kit နဲ့ စစ်တဲ့ မြိုင်က ၁ ဦးနဲ့ အောင်လံက ၁ ဦးတို့ကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်ပါတယ်။
ကျန်သူတွေကတော့ ရန်ကုန်၊ မန္တလေးနဲ့ တရုတ်နိုင်ငံတို့က ပြန်လာပြီး Quarantine စင်တာ ဝင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၃၉ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိပြီလို့ သိရပါတယ်။
မကွေးတိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူတွေဆီကနေ ပိုးတွေ့လူနာတွေ ထပ်တိုးလာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြုဆင်ခြင် ပြုမှုနေထိုင်ကြဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက်ကြေဖို့ တိုင်းကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
ဒါ့အပြင် Mask စနစ်တကျအသုံးပြုကြဖို့အတွက် တိုင်းအတွင်းမှာ Mask တွေ လိုက်ဝေတာနဲ့ အသိပညာပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။