အီရန်နျူကလီးယားပညာရှင် လုပ်ကြံခံရမှု အစ္စရေးပါဝင်နိုင်ဟု နိုင်ငံခြားရေးဝန်ကြီး ပြော

470
အီရန် နျူကလီးယား အစီအစဉ် နောက်ကွယ်က ကြိုးကိုင်သူလို့ သံသယရှိတဲ့ သိပ္ပံပညာရှင် မိုဆန်ဖာခရီဇာဒယ်ဟာ နိုဝင်ဘာလ ၂၇ ရက်က မြို့တော် တဟီရန်အနီးမှာ လုပ်ကြံ သတ်ဖြတ်ခံရတယ်လို့ အီရန်ကာကွယ်ရေးဌာနက အတည်ပြုခဲ့ပါတယ်။
နျူကလီးယားသိပ္ပံပညာရှင် ဖာခရီဇာဒယ်ဟာ ဒယ်မန်ဗန်ကောင်တီမှာ တိုက်ခိုက်ခံရပြီးနောက် ဆေးရုံမှာ သေဆုံးခဲ့တာပါ။
ဒီတိုက်ခိုက်မှုဟာ နိုင်ငံတော် အကြမ်းဖက်မှု ဖြစ်တယ်ဆိုပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗစ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် အီရန်သိပ္ပံပညာရှင် သတ်ဖြတ်ခံရမှုမှာ အစ္စရေး ပါဝင်နိုင်တယ်ဆိုပြီး ဂျာဗစ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အနောက်နိုင်ငံ ထောက်လှမ်းရေး အေဂျင်စီတွေက ဖာခရီဇာဒယ်ကို အီရန် နျူကလီးယားအစီအစဉ် နောက်ကွယ်က ကြိုးကိုင်သူလို့ ရှုမြင်ကြပါတယ်။
တကယ်လို့ အီရန်သာ နျူလက်နက်ထုတ်မယ်ဆိုရင် ဖာခရီဇာဒယ်ဟာ နျူကလီးယားဗုံးရဲ့ ဖခင်ဆိုပြီး ထင်ရှားလာမယ်လို့ အနောက်သံတမန်တဦးက ရိုက်တာကို ၂၀၁၄ ခုနှစ်မှာ ပြောခဲ့ဖူးပါတယ်။
အီရန်ဟာ နျူလက်နက်ထုတ်နိုင်တဲ့ ပြည့်ဝယူရေနီယံတွေ တိုးမြှင့်ထုတ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်နေချိန်မှာပဲ ဖာခရီဇာဒယ် သတ်ဖြတ်ခံရတာပါ။
ပြည့်ဝယူရေနီယံဟာ အရပ်ဘက်နျူစွမ်းအင်ထုတ်လုပ်ဖို့နဲ့ စစ်ဘက်နျူလက်နက် ထုတ်လုပ်ဖို့ နှစ်ခုစလုံးအတွက် အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ သိရပါတယ်။