မကွေးတိုင်း၌ ၂ လအတွင်း ကမ်းပြိုဘေး ၂၈ ကြိမ်ဖြစ်ပွား၊ လူဦးရေ ၁,၁၀၀ ကျော် ဘေးသင့်
DVB
·
November 27, 2020
မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၅ မြို့နယ်မှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ကမ်းပြိုဘေး ၂၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ အခုနိုဝင်ဘာလအတွင်းမှာ မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်း၊ ပခုက္ကူ၊ ရေစကြိုမြို့နယ်တွေမှာ ကမ်းပြိုဘေး ၂၈ ကြိမ်ဖြစ်ပွားခဲ့လို့ အိမ်ထောင်စု ၂၅၄ စုရွှေ့ပြောင်းထားရပြီး လူဦးရေ ၁,၁၀၀ ကျော် ဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီးဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဒီဗွီဘီကို ပြောပါတယ်။
“မိုးတွင်းကာလမှာတော့ ကမ်းပြိုဘေး ဖြစ်ပွားမှု နည်းပါးပြီး ရာသီအကူးပြောင်းမှာ ရေးစီးကြောင်းပြောင်းလဲပြီး ကမ်းပါးကိုအရှိန်နဲ့ ဦးတိုက်တာကြောင့် အဖြစ်များကာ ဒီဇင်ဘာလကနေ ဇန်နဝါရီလထိ ၃ လအတွင်းမှာ ဖြစ်ပွားနှုန်းအများဆုံးဖြစ်တယ်”လို့ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။
အခုလို ကမ်းပြိုဘေးဖြစ်ပွားခဲ့တဲ့ ပြည်သူတွေအတွက် နေအိမ်ရွှေ့ပြောင်းစရိတ်နဲ့ ဆန်ရိက္ခာဖိုး ကျပ်သိန်း ၂၈၀ ကျော် ထောက်ပံ့ပေးထားတယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနကနေသိရပါတယ်။
မင်းထီး