A d v e r t i s e m e n t With Us

စပါးရိတ်သိမ်းချိန် ပိုးကျနေသဖြင့် လောင်းလုံးတောင်သူများ အခက်ကြုံ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စပါးစိုက်ပျိုးထားတဲ့ လယ်ဧကတချို့ ရိတ်သိမ်းရမယ့်အချိန်မှာ ပိုးကျနေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ လယ်သမားတဦးဖြစ်သူ ဦးသန်းစိုးက "ပိုးကျတယ်လို့ သိတာက စပါးထွက်နေတဲ့အချိန်၊ စပါးသီးထဲ အရည်တွေရှိနေတဲ့အချိန်ဖြစ်တယ်။ စပါးမှည့်တဲ့အချိန်မှာ ပိုးကျတဲ့ စပါးခင်းက စပါးသီးတွေ မဲနေတယ်။ အခုလိုပိုးကျတာ အရင်ကသိပ်မ‌တွေ့ရဘူး၊ မိုးရာသီတုန်းကလည်း စပါးအရွက်စားပိုးကျတယ် အဲဒါကဆေးဖျန်းလို့ရတယ်။ အခုပိုးကျတာက စပါးသီးထွက်နေတဲ့ အချိန်မှကျတဲ့အတွက် ဘာဆေးဖျန်းရမှန်းမသိဘူး၊ ဆေးဖျန်းလို့လည်း အဆင်ပြေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။ အခုလိုပိုးကျတာဟာ တချို့လယ်သမားတွေမှာဆိုရင် ၁ ဧက၊ ၂ ဧက လောက်ပဲရှိပေမဲ့ တချို့ လယ်သမားတွေမှာတော့  ဆယ်ဧကလောက်အထိ ပိုးကျမှု‌တွေ ရှိတယ်လို့ သိရပါတယ်။  စပါးရိတ်သိမ်းမယ့်အချိန်မှာ ပိုးကျတဲ့အတွက်  စပါးတွေ ဆုံးရှုံးမှုရှိတယ်လို့ လယ်သမားတချို့က ဆိုကြပါတယ်။ လောင်းလုံးမြို့နယ်စိုက်ပျိုးရေးဦး‌စီးမှူး ဦးတိုးလွင်က "စပါးထွက်တဲ့အချိန် ပိုးကျတာဆိုတော့ နှံစုတ်ပိုး (စပါးသီးစုတ်ပိုး) ဖြစ်နိုင်တယ်။ ပိုးကျတယ်လို့ စသိတာနဲ့ လာအကြောင်းကြားရင်တော့ စစ်ဆေးပြီးဘာဆေးဖျန်းရင်သင့်တော်တယ် ဘယ်လိုလုပ်သင့်တယ်လို့ ညွှန်ကြားနိုင်တာပေါ့။ အခုလိုပိုးကျတာက နေပူလိုက် မိုးရွာလိုက် ရာသီဥတုအခြေအနေတွေကြောင့်လည်းဖြစ်နိုင်တယ်၊ စပါးရိတ်ရမယ့် အချိန်နောက်ကျရင်လည်း ဖြစ်နိုင်တယ်" လို့ ပြောပါတယ်။ နှစ်တိုင်းပိုးကျမှုတွေရှိသလို  ပိုးအမျိုးအစားလည်း အများကြီးရှိတဲ့အတွက် လယ်သမားတွေက လာအ‌ကြောင်းကြားမှ ဘာပိုးဆိုရင် ဘာဆေးဖျန်းသင့်တယ်လို့ ညွှန်ကြားနိုင်တယ်လို့ ဆိုပါတယ်။ ကွင်းဆင်းအသိပညာပေး‌ဟောပြောပွဲတွေလုပ်ရင်လည်း ပြောပြတာတွေရှိသလို အခုကတော့ ကိုဗစ်အခြေအနေကြောင့် ကွင်းဆင်းမှုတွေ သိပ်မလုပ်နိုင်သေးဘူးလို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ဆိုပါတယ်။ လောင်းလုံးမြို့နယ်ထဲမှာ စပါးစိုက်ပျိုးဧကပေါင်း ၄၂,၀၀၀  ကျော်ရှိတယ်လို့ သိရပါတယ်။ ကောင်းထက်အောင်

A d v e r t i s e m e n t With Us

More News
Up