ဂရမ်မီဆု ဆန်ခါတင်စာရင်းတွင် ဘီယွန်းစေးက ဆု ၉ ဆုဖြင့် ထိပ်ဆုံးက ဦးဆောင်

လာမယ့် ၂၀၂၁ ခုနှစ် ဂရမ်မီဆု ဆန်ခါတင်စာရင်းတွေ ထွက်ရှိလာခဲ့ပြီဖြစ်ကာ အခုနှစ်မှာတော့ နာမည်ကြီးအဆိုတော်တယောက်ဖြစ်တဲ့ ဘီယွန်းစေးက ဆုအများဆုံးနဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ အသက် ၃၉ နှစ်အရွယ် အဆိုတော်ဟာ Black Lives Matter လှုပ်ရှားမှုအတွက် သီဆိုခဲ့တဲ့ Black Parade သီချင်းနဲ့ ဆု ၄ ဆုအပါအဝင် စုစုပေါင်းဆု ၉ ဆုနဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။ သူ့နောက်မှာတော့ အဆိုတော် တေလာဆွစ်စ်က လော့ခ်ဒေါင်းကာလမှာ ထွက်ရှိခဲ့ပြီး စံချန်တင်အောင်မြင်မှုရရှိခဲ့တဲ့ Folklore တေးအယ်လ်ဘမ်နဲ့အတူ ဆန်ခါတင်စာရင်းထဲမှာ ဆု ၆ ဆုနဲ့ ပါဝင်ခဲ့ပြီး ဗြိတိန်အဆိုတော် ဒူအာလီပါကလည်း သူ့ရဲ့ ဒုတိယမြောက်တေးအယ်လ်ဘမ် Future Nostalgia နဲ့အတူ ဆန်ခါတင်ဆု ၆ ဆုနဲ့ ဒီစာရင်းထဲ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ Billboard 200 charts မှာ သီတင်းပတ် ၄ ပတ် ဆက်တိုက် နံပါတ် ၁ နေရာမှာရှိနေတဲ့ တေးအယ်လ်ဘမ် After Hours နဲ့ နာမည်ကြီးခဲ့တဲ့ ကနေဒါအဆိုတော် The Weekend က ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ဆုတဆုမှ ပါမလာခဲ့တာပါပဲ။ မနှစ်က ဂရမ်မီဆုပေးပွဲမှာ ဆု ၅ ဆုနဲ့ အများဆုံးသိမ်းပိုက်သွားခဲ့ပြီး အသက်အငယ်ဆုံး ဆုရှင်အဖြစ် စံချိန်တင်ခဲ့တဲ့ အမေရိကန် အဆိုတော်ကောင်မလေး ဘီလီအိုင်းလစ်ရှ်ကတော့ အခုနှစ်မှာ ဆန်ခါတင်ဆု ၄ ဆုနဲ့ စာရင်းဝင်လာခဲ့တာပါ။ ၆၃ ကြိမ်မြောက်အဖြစ် ဂရမ်မီဆုပေးပွဲ အခမ်းအနားကိုတော့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်ရုပ်သံလိုင်း စီဘီအက်စ်ကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up