မိုးကုတ်မြို့နယ်တွင်တိုက်ပွဲဖြစ်၊ ရွာသားများ မိုးကုတ်မြို့ပေါ်တိမ်းရှောင်လာ
နန်းမြနဒီ
·
November 25, 2020
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ရွာသားတွေ မြို့ပေါ်တိမ်းရှောင်လာကြပါတယ်။
မိုးကုတ်မြို့အရှေ့ဘက် မိုးမိတ်သွားလမ်းရှိ ရွာတွေဘက်မှာ နိုဝင်ဘာ ၂၄ ရက် မနေ့ညက ပစ်ခတ်သံတွေကြားရပြီး အဲဒီဘက်က ရွာသားတွေ မိုးကုတ်မြို့ပေါ်နဲ့ ဘုန်းကြီးကျောင်းတချို့မှာ လာရောက်ခိုလှုံနေကြတယ်လို့ မိုးကုတ်မြတ်စေတနာလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့က မိုးကုတ်နဲ့ မိုးမိတ်ကြားမှာရှိတဲ့ ချောင်းကြီး၊ ကျောက်ဝါ၊ မန့်နား စတဲ့ရွာတွေ ဘက်မှာ တိုက်ပွဲဖြစ်တယ်လို့ ပြောနေကြတယ်ခင်ဗျ။ ကျနော်တို့ မိုးကုတ်မြို့ပေါ်ကနေတော့ မနေ့ည ၈ နာရီခွဲကျော်မှာ ပစ်ခတ်သံ ၂ ချက် ၃ ချက်ကြားရတယ်။ ဒီမတိုင်ခင်ကလည်း ရွာသားတွေ မြို့ပေါ်မှာရှိတဲ့ သူတို့ဆွေမျိုးနဲ့ ဘုန်းကြီးကျောင်းတွေမှာ လာခိုလှုံနေတယ်လို့ ကြားတယ်။ ကျနော်တို့ အဖွဲ့ဆီအကူအညီလာတောင်းတာတော့မရှိသေးဘူး။ လာတောင်းရင်တော့ လိုအပ်တာ တွေ ကူညီဖို့ အသင့်ပြင်ထားပါတယ်ခင်ဗျ။”
မိုးကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးကုတ်မြို့နယ် ကျောက်ဝါနဲ့ ချောင်းကြီးကျေးရွာအုပ်စုဘက်က ရွာသားပေါင်း လေးငါးဆယ်လောက် မိုးကုတ် ရှောလီဝိုင်းရပ်ကွက်ထဲမှာ လာရောက်တိမ်းရှောင်နေကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညက ပစ်ခတ်သံကြားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွာသားတွေ တိမ်းရှောင်လာတဲ့ သတင်း တော့မသိရသေးဘူး။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကတော့ ကျောက်ဝါနဲ့ ချောင်းကြီး အုပ်စုဘက်က ရွာသားတွေ လေးငါးဆယ်လောက် ရှောလီဝိုင်းရပ်ကွက်ထဲ ရောက်လာတယ်။ တချို့က သူတို့အသိအိမ်တွေမှာ တချို့က စာသင်ကျောင်းတွေမှာ။ ကျနော်တို့သွားကြည့်တော့ လူစုံအရွယ်စုံပါပါတယ်။ ရှမ်းနဲ့ လီဆူတိုင်းရင်းသားတွေပါ။”
ထွက်ပြေးလာတဲ့ ရွာသားတွေရဲ့ စားရေးသောက်ရေးအတွက် ရပ်ကွက်သူရပ်ကွက်သား တွေက ဝိုင်းကူညီနေသလို မြို့နယ်ရုံးအနေနဲ့လည်း လိုအပ်တဲ့အကူအညီပေးဖို့ ရပ်ကျေးဥက္ကဋ္ဌတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်ကိုတော့ မသိရကြောင်း ၊ မြို့ပေါ်မှာတော့ တည်ငြိမ်နေပြီး မြို့သူမြို့သားတွေ စိုးရိမ်ပူပန်မှုအနည်းငယ်ရှိကြောင်းနဲ့ လုံခြုံရေးကိစ္စကို တပ်မတော်က ဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မနေ့ညက ကြားရတဲ့ ပစ်ခတ်သံတွေကြောင့် မိုးကုတ်မြို့အရှေ့ဘက် ၁၅ မိုင်ခန့်အကွာရှိ နမ့်လုံအုပ်စု ဝမ်ကန်ရွာက ရွာသား ၁၀ ကျော်ဟာ ကနေ့မနက် ၁၁ နာရီလောက်က မိုးကုတ်မြို့ ကန်တော်ရပ်ကွက် သီရိမင်္ဂလာရှမ်းကျောင်းမှာ လာရောက်တိမ်းရှောင်နေတယ်လို့ ကျောင်းထိုင်ဆရာတော် အရှင်ဝိလာသက ဒီဗွီဘီကို မိန့်ပါတယ် ။
“ကနေ့မနက် ဘုန်းဘုန်းတို့ နေ့ဆွမ်းစားနေတုန်း ရွာသားတွေရောက်လာတယ်။ တစ်ဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ သူတို့ရွာနား တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ မနေ့ညက ပစ်ခတ်သံတွေကြောင့်လို့ပြောတယ်။ သူတို့က တစ်ခါမှလည်းမကြုံဖူးတော့ ကြောက်တာပေါ့နော်။ တချို့က တခြားနေရာကို သွားကြတယ်။ ဒီမှာတော့ တစ်ဆယ်ကျော်ပဲ ရှိသေးတယ်။ လူနည်းတော့ စားရေးသောက်ရေးဘာမှမပူရပါဘူး။”
မိုးကုတ်ဒေသခံ တစ်ဦးကတော့ ဒီမတိုင်ခင် ချောင်းကြီးအပ်စု၊ ရေပူကြီးရွာတွေမှာ တီအန်အယ်အေနဲ့ ကချင်စစ်သားတွေ ဝင်ထွက်သွားလာနေကြောင်း၊ အဲဒီနောက် တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ် ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ထားတာ မတွေ့ရသေးသလို တီအန်အယ်လ်အေ ဘက်ကိုလည်း ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
နို၀င်ဘာ ၇ ရက်နေ့ကလည်း မိုးကုတ်မြို့အနီးက ကျေးရွာတွေကို TNLA တအာင်းတပ်ဖွဲ့ရဲ့ စစ်ကြောင်းတွေက စတင်ရောက်ရှိလာလို့ ဒေသခံရွာသားတွေ မိုးကုတ်မြို့ထဲကို တိမ်းရှောင်လာတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
Photo- Kone Khur Leng