ကျောက်ဆည်ရဲစခန်းက ရဲမေ ၁ ဦးနှင့် အကျဉ်းသူ ၁ ဦးတို့တွင် ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
November 25, 2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရဲစခန်းက ရဲမေ တစ်ဦးနဲ့ အကျဉ်းသူ တစ်ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိတယ်လို့ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးက နိုဝင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အပြစ်ကျတရားခံ အမျိုးသမီး တစ်ဦးကို အိုးဘိုထောင်သို့ ပို့ဆောင်ဖို့ နှာခေါင်း တို့ဖတ် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ positive ထွက်ခဲ့ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ တရားခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ထပ်စစ်တဲ့အခါ ရဲမေတစ်ဦးမှာ positive ထွက်ခဲ့ဖြစ်ပါတယ်။
လက်ရှိမှာ ပိုးတွေ့အကျဉ်းသူကို မင်းစုရဲစခန်း သီးသန့်အချုပ်ခန်းသို့ ပို့ဆောင်ထားပြီး ရဲမေကိုတော့ ကျောက်ဆည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေတယ်လို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီဝင် ဆရာဝန်တစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ Positive လူနာ နှစ်ဦးတွေ့ပြီးနောက် ကျောက်ဆည်ရဲစခန်းတစ်ခုလုံးကို Rescue ကျောက်ဆည်ပရဟိတအသင်းက ပိုးသတ်ဆေးဖြန်းထားတယ်လို့ သိရပါတယ်။
အခုဆိုရင်ကျောက်ဆည်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ အတည်ပြုလူနာပေါင်း ၃၉ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
သတင်း- နွေလှိုင်း(YU)၊ ဓာတ်ပုံ- Rescue Kyaukse