ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ယမန်နှစ်ကထက် ပိုမြင့်တက်လာဟု WMO ထုတ်ပြန်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာထိန်းချုပ် ကန့်သတ်ထားချိန်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းသွားမယ်လို့ မျှော်လင့်ထားပေမဲ့ ၂၀၁၉ ထက်စာရင် ဒီနှစ်မှာ ပိုတက်လာတယ်လို့ ကမ္ဘာ့ရာသီဥတုအဖွဲ့ကြီး WMO က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။ ဒီနှစ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လေယာဉ်တွေ၊ သင်္ဘောတွေ ရပ်ထားရပြီး လမ်းသွားလမ်းလာတွေ အိမ်တွေထဲမှာ ပိတ်မိနေလို့ နှစ်စဉ် ကာဗွန်ထုတ်လွှတ်မှုနှုန်း အများဆုံး ကျဆင်းမယ်လို့ သိပ္ပံပညာရှင်တွေက ထင်ကြေးပေးထားခဲ့တာပါ။ ကိုဗစ်-၁၉ ကြောင့် အသွားအလာ ထိန်းချုပ်မှုဟာ ကာလတို သက်ရောက်မှု ဖြစ်လို့ သဘာဝ ပြောင်းလဲမှုကနေ ကာလတိုမှာတော့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်ရဲ့ သက်ရောက်မှုက သဘာဝပြောင်းလဲမှုကို အောင်နိုင်မှာမဟုတ်ဘူးလို့ WMO ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဆိုင်ရာ တရားဝင် ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။ ဂျီနီဗာအခြေစိုက် ကုလ မိုးလေဝသအေဂျင်စီဟာ နိုက်ထရပ်စ်အောက်ဆိုဒ်၊ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ လေထုထဲမှာရှိတဲ့ သိပ်သည်းဆကို တိုင်းတာပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ ဒီဓာတ်ငွေ့တွေဟာ အစွန်းရောက် ရာသီဥတုကို ဖြစ်စေပြီး ကမ္ဘာကြီးကို ပူနွေးစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေး၊ ရေနံ စတာတွေကို လောင်မြိုက်လို့ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်အဆင့်ဟာ ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေတဲ့ အကြီးဆုံး အကြောင်းရင်း ဖြစ်ပြီး ၂၀၁၉ မှာ စံချိန်သစ်တင်ခဲ့တယ် နှစ်စဉ် တိုးနှုန်းက မနှစ်ကထက် ပိုများလာပြီး ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ပျမ်းမျှနှုန်းထက် ကျော်လွန်နေတယ်လို့ WHO အစီရင်ခံစာက ဆိုပါတယ်။ ၂၀၂၀ အတွက် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်တွေ မရသေးပေမယ့် သိပ်သည်းဆ တိုးလာတဲ့ လမ်းကြောင်းက အရင်အတိုင်း ခြေရာလက်ရာ မပျက်ဘူးလို့ WMO က ပြောပါတယ်။ ဒီကနေ ကာဗွန်ထုတ်လွှတ်မှု ထိန်းချုပ်တာနဲ့ မဆိုင်သေးဘဲ ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ထုတ်လွှတ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ အများအပြားဟာ လေထုထဲမှာ ရှိနေဆဲ ဖြစ်ပြီး ကမ္ဘာကြီး ပူနွေးမှုကို ပိုတိုးစေတယ်လို့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up