မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ရတနာ ဦးသန့် (ဆောင်းပါး)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို တစ်ရက်တာ လေ့လာဖို့သွားနေတဲ့ ကျွန်တော့်ခြေလှမ်းတွေဟာ တက်ကြွကာ အားမာန်အပြည့်။ ပြီးတော့ ကျွန်တော့်နှလုံးသားရင်ခုန်သံတွေကလည်း နယူးယောက်လမ်းမကြီးပေါ်မှာ ဥဒဟိုသွားနေတဲ့ ကားသံတွေနဲ့ အတူ မြည်ဟိန်းလို့နေပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစ်မရည်မွန်ကိုယ်တိုင် ရုံးရဲ့ ဝင်ပေါက်မှာ ကျွန်တော့်ကို လာရောက်ကြိုဆိုပါတယ်။ အစ်မရည်မွန်ကိုတော့ အစ်မရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေတစ်ဆင့် ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ကာ ခင်မင်ခွင့်ရထားတာပါ။ နယူးယောက်မြို့ကို မလာခင် ကျွန်တော်လော့စ်အိန်ဂျလစ်မြို့မှာ ရှိနေစဉ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို လာဖို့ရှိကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေပေးပေးဖို့ ကြိုတင်ပြီး အစ်မကို တောင်းဆိုထားတာပါ။ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ် ပရိဝုဏ်အတွင်းလမ်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များလို့ လူသိများတဲ့  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (၁၇) ချက်ကို ရောင်စုံရေးသားခြယ်မှုန်းထားပါတယ်။ ထူးခြားတာကတော့ သေနတ်ပြောင်းဝကို ကွေးလိမ်ထားတဲ့ အကြမ်းမဖက်ရေးကို ပုံဖော်ထားတဲ့ ပန်းပုလေးပါဘဲ။ ကမ္ဘာအနှံ့ကနေပြီး လာရောက်လေ့လာကြတဲ့ သူတွေကလည်း ကိုယ့်ကင်မရာ၊ စမတ်ဖုန်းကိုယ်စီနဲ့ ရုံးချုပ်အတွင်းကိုရောက်ရှိခြင်းအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့  ဓာတ်ပုံလေးတွေ ကိုယ်စီရိုက်နေတဲ့ မြင်ကွင်းလေးတွေကလည်း ကြည့်လို့ကောင်းနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ် (၈) ဦးရဲ့ပုံတွေကိုတော့ ရုံးချုပ်အဆောက်အအုံ ပထမထပ် အတွင်းနံရံပေါ်မှာ ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။ မှတ်မှတ်ရရတစ်ခုကို ပြောရမယ်ဆိုရင်ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ ပုံနားမှာ တောင်ကိုးရီးယားက ကျောင်းသူ၊ကျောင်းသားတွေလည်း အပြိုင်အဆိုင် ဓာတ်ပုံရိုက်နေကြတာကို တွေ့မြင်လိုက်ရပါတယ်။ ဘန်ကီးမွန်းရဲ့ပုံ အနားမှာကတော့ ဦးသန့်ပုံပါဘဲ။ ဦးသန့်ပုံကို တွေ့တွေ့ချင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသားဖြစ်ရတာကို အင်မတန်မှ ဂုဏ်ယူမိပြီး၊ တစ်ချိန်တည်းမှာပဲ ဦးသန့်နဲ့ ပတ်သက်ပြီး သူက ပန်းတနော်သား ဖြစ်တယ်ဆိုတာရယ်၊ ကမ္ဘာ့ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူဆိုတာရယ်၊ အဲဒီအချက်နှစ်ချက်ကလွဲရင် ကျန်တာ ထူးထူးခြားခြားမသိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်မကောင်းအကြီးအကျယ်ဖြစ်သွားခဲ့ရပါတယ်။ တကယ်တော့ ဦးသန့်ဟာ အမိမြန်မာပြည်က မွေးထုတ်လိုက်တဲ့ သားကောင်းရတနာတစ်ပါး။ စံနမူနာယူဖွယ် ခေါင်းဆောင်ကောင်းတစ်ယောက်။ ပြီးတော့ ကမ္ဘာ့ပြိုင်စံရှား မဟာလူသားတစ်ဦးပင်ဖြစ်ပါတယ်။ “ဦးသန့်ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံသူ/သားများအတွက် သာမက အာရှသူ/သားများ အားလုံးအတွက်ပါ ဂုဏ်ယူစရာကောင်းသူ ဖြစ်ပါတယ်” လို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံအဖြစ် တာဝန်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှတ်ချက်ပြုဖူးပါတယ်။ ဒီနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ရောက်ပြီ ဆိုရင်ဖြင့် ဦးသန့်ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၄၆ နှစ်တိတိရှိပါပြီ။ သံတမန်ရေးရာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စအ၀၀တို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဦးသန့်ကို ဂုဏ်ပြုခေါ်ဝေါ်ခဲ့တဲ့ နာမည်တွေ အများကြီးရှိပါတယ်။  သာဓကသုံးခုကိုပြရမယ်ဆိုရင် ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မှာရှိတဲ့ မြစ်အတွင်းရှိ ကျွန်းငယ်လေးကို ဦးသန့်ကျွန်းလို့ ခေါ်တွင်တာ၊ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ရှိ သံရုံးတွေရှိတဲ့လမ်းကို ဦးသန့်လမ်း (Jalan U Thant)လို့ နာမည်ပေးထားတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစား လုပ်ဆောင်နေကြတဲ့  အဖွဲ့အစည်းတွေနဲ့ တစ်သီးပုဂ္ဂလတွေကို  ဦးသန့်ငြိမ်းချမ်းရေးဆု သတ်မှတ် ချီးမြှင့်တာတို့  ဖြစ်ပါတယ်။ နိုင်ငံတကာကို ဦးဆောင်ဦးရွက်ပြုဖို့ ခြေလှမ်းပြင်ဆင်နေကြတဲ့ မြန်မာနိုင်ငံက အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ ဦးသန့်လို ကမ္ဘာ့ခေါင်းဆောင်ကောင်းတစ်ဦးဆီကနေ မှတ်သား သင်ယူနည်းနာခံယူရမှာ မုချဧကန်ပင် ဖြစ်ပါတယ်။ ဦးသန့် ကပေးတဲ့ ၂၁ ရာစု မျိူးဆက်သစ်လူငယ်တွေ လက်တွေ့ကျင့်သုံးနိုင်မယ့် အချက် (၈) ချက် ရှိနေပါတယ်။ (၁) မိသားစုအတွက် တာဝန်ယူရဲသူ ဦးသန့် ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မိသားစုမှာ သူဟာ မွေးချင်းညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။ ဦးသန့် ၁၄ နှစ်အရွယ်မှာ ရုတ်တရက် ဖခင်သေဆုံးသွားတော့ အစ်ကိုကြီး အဖအရာ ဆိုသလို မိသားစုတာဝန်ကို ပခုံးဆင့် လက်ပြောင်းလွှဲခံယူခဲ့ပါတယ်။ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းဆင်း ဦးသန့်ဟာ ကျောင်းဆရာအလုပ် လုပ်ကိုင်ပြီး မိခင်ကို လုပ်ကျွေးပြုစုကာ ကိုယ့်ညီငယ်လေးတွေရဲ့ ပညာရေးကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ တိုင်းပြည်နဲ့ လူမှုအဖွဲ့အစည်းဆိုတာ မိသားစုဆိုတဲ့ အသိုက်အဝန်းလေးတွေနဲ့ ပေါင်းစည်းထားတာပါ။ မိသားစုအရေးကို မားမားမတ်မတ်ရပ်တည်ကာ တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ကျောင်းအုပ်ဆရာဘဝ၊ ပြည်သူ့ဝန်ထမ်းဘဝ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဘဝ စတဲ့ ရာထူးနေရာတွေသာပြောင်းသွားပေမယ့်  ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းတတ်တဲ့  ကောင်းတဲ့ နည်းနာ၊ အပြုအမူတွေဟာတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ လက်ရှိ ကိုဗစ်-၁၉ ကလည်း အိမ်မှာနေခြင်းအားဖြင့် ကမ္ဘာမြေကြီးကို ကယ်တင်ကြဖို့ ကျယ်ကျယ်လောင်လောင် ပြောကြားနေတာဟာ ကိုယ်ပိုင်မိသားစု ကမ္ဘာလေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျ မီးမောင်းထိုးပြနေတာပါပဲ။ ဒါ့ကြောင့် ကမ္ဘာမြေကြီးကို ကောင်းသောအတွေးအကြံတွေနဲ့ မှောက်လှန်ပြောင်းလဲချင်တဲ့ မည်သူမဆို  ကိုယ်ပိုင်မိသားစုက အစပြုရမှာဖြစ်ပါတယ်။ (၂) စာပေလေ့လာအားထုတ်ကာ အတွေးအခေါ်မြင့်မားသူ ဦးသန့် အရှေ့တိုင်းသားဖြစ်တဲ့ ဦးသန့်ဟာ အနောက်တိုင်းသားတွေကြီးစိုးတဲ့ နေရာမှာ မားမားမတ်မတ် ဦးဆောင်နိုင်တာဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ အတွေးအခေါ် အယူအဆတွေကို ကျေညက်စွာ နားလည်ထားလို့ပဲ ဖြစ်ပါတယ်။ ဥပမာ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့က အစ မြဝတီမင်းကြီးဦးစ၊ စလေဦးပုံညတို့အဆုံး မြန်မာစာဆိုတော်ကြီးတွေရဲ့ လက်ရာအဖုံဖုံ၊ ပြီးတော့ အနောက်တိုင်းအတွေးအခေါ်နဲ့ အင်္ဂလိပ်စာပေ၊ အရေးအသားသမိုင်းမှာ လွှမ်းမိုးမှု အရှိဆုံး၊ ဂုရုဆရာကြီးတစ်ဆူဖြစ်တဲ့ ဝီလီယံရှိုတ်စပီးယားရဲ့ စာအုပ်စာပေတွေကို ဦးသန့်ဟာ ၁၂ နှစ်သားအရွယ်မှာတင် ကောင်းစွာဖတ်ရှုလေ့လာပြီးနေပါပြီ။ ဒါ့ကြောင့်လည်း စာနယ်ဇင်းသမားဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့တဲ့ ဦးသန့်ဟာ အသက် ၁၆ နှစ်အရွယ်မှာတင် သူ့ရဲ့ ပထမဦးဆုံးဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့  Burma Boy Scouts Association ရဲ့  Burma Boy မှာ ရေးသားပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။  ဗဟုဝါဒ (Pluralism) ၊ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) လို ခေတ်ကြီးမှာ ရှင်သန်နေကြတဲ့ ကျွန်တော်တို့တတွေဟာ ကိုယ်ရဲ့ တစ်ယူသန် အတွေးအခေါ် တစ်ခုတည်းကို စွဲစွဲမြဲမြဲကိုင်ဆောင်ပြီး ခရီးနှင်လို့ ခရီးပေါက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဝေဖန်ဆန်းစစ်တွေးခေါ်မှု ကောင်းပြီး အမြော်အမြင်ကြီးမားတဲ့ လူတစ်ဦးဖြစ်ဖို့ အလို့ငှာ  ဦးသန့်ကဲ့သို့ စာကောင်းပေမွန်များစွာကို ဖတ်ရှုလေ့လာ မှတ်သားရမှာဖြစ်ပါတယ်။ (၃) ဘာသာတရားကိုင်းရှိုင်းသူ ဦးသန့် ဦးသန့်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး တရားကျင့်ကြံ အားထုတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဦးသန့်ရဲ့ နက်နက်နဲနဲ လက်ခံထားတဲ့ အချက်တစ်ချက်ကတော့ ဘာသာတရားရဲ့ အဆုံးအမတို့ကို ခံယူပြီး ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း၊ သည်းခံခြင်း၊ ကျိုးနွံခြင်းနဲ့ နှိမ့်ချခြင်း အစရှိတဲ့ ကိုယ်ကျင့်တရားနဲ့ လောကုတ္တရာရေးရာတို့ကို လက်တွေ့မှာ နက်ရှိုင်းစွာကျင့်သုံးခြင်းဖြင့်  ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကြီးကို ပုံဖော်နိုင်တယ်ဆိုတာပါပဲ။ ဦးသန့်ရဲ့ ၁၁၁ နှစ်မြောက်မွေးနေ့ နှစ်ပတ်လည်မှာ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က “ကျွန်မဖခင်ဟာ ဘဝတစ်လျောက်လုံး မြတ်ဗုဒ္ဓရဲ့ အဆုံးအမသွန်သင်မှုများကနေ နည်းခံယူကျင့်သုံးခဲ့ပါတယ်” လို့ ဖခင်ဖြစ်သူ ဦးသန့်နဲ့ ပတ်သက်ပြီး အောက်မေ့ဖွယ်ရာ အမှတ်တရစကားကို အခုလို ပြောကြားခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး (၁၉၇၀ - ၇၂) ရဲ့ အမှုဆောင်ဒါရိုက်တာ ရောဘတ်မူးလာက ဦးသန့်ကို “လူနေမှုအနုပညာတွင် ကျွမ်းကျင်သူ” ၊ “ခေတ်သစ်ဘုန်းကြီး” လို့ ဖော်ပြဖူးပါတယ်။ ၁၉၀၁ မှ ၂၀၀၀ ရာစုနှစ်အတွင်း စာပေ၊ ဆေးပညာ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ဓာတုဗေဒနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုချီးမြှင့်ခြင်းခံရတဲ့ ပညာရှင်တွေထဲက ၉၀ ရာခိုင်နှုန်းဟာ ဘာသာတရား တစ်ခုခုကို သက်ဝင်ယုံကြည်သူတွေပဲဖြစ်ပါတယ်။ တရားမဲ့၊ ဘုရားမဲ့၊  စည်းမဲ့၊ ဘောင်မဲ့၊ မိမိစိတ်ကြိုက် ဘဝကို လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်ဖို့ အားပေးတဲ့ခေတ်၊ ဘာသာတရားရဲ့ အဆုံးအမတွေဟာ ခေတ်ဟောင်းပြီး တိုးတက်မှုမရှိစေဘူးလို့ သွန်သင်နေတဲ့ ခေတ်ကြီးထဲမှာနေထိုင်တဲ့ ကျွန်တော်တို့တတွေဟာ ဦးသန့်နဲ့ နိုဘယ်လ်ဆုရှင်တွေလိုမျိုး ပိုမိုငြိမ်းချမ်းတဲ့ လောကကမ္ဘာကြီး ၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ရန် ကိုယ်ကျင့်တရားနဲ့ သီလဘာဝနာတို့ကို ကြိုးစားပြီး ကျင့်ကြံအားထုတ်ရမှာဖြစ်ပါတယ်။ (၄)မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ရဲတဲ့ ဦးသန့် ဦးသန့်ရဲ့ မြေးဖြစ်သူ သမိုင်းပညာရှင်ကြီး ဦးသန့်မြင့်ဦးက “ဦသန့်ရဲ့ ရဲစွမ်းသတ္တိနဲ့ သမာဓိဟာ အလွန်အရေးကြီးပါတယ်။ သူက မှန်တယ်လို့ ခံယူထားတဲ့အရာတွေကို လုပ်ဆောင်ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိပြီး ဘယ်တော့မှ အခြားသူတွေကို အပြစ်ပုံချတာတွေ မလုပ်ပါဘူး။ သူက ကုလသမဂ္ဂက ချမှတ်ထားတဲ့ မူတွေကို လက်တွေ့ကျင့်သုံးပြီး ကုလသမဂ္ဂရုံးအဖွဲ့အစည်း ကိုယ်စား လုပ်ဆောင်နေတယ်ဆိုတာကို လူတွေကလည်း ယုံကြည်ပါတယ်” လို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ်၊ ဧရာဝတီအင်္ဂလိပ်သတင်းစာနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ဖူးပါတယ်။ စစ်ပွဲကို ဆန့်ကျင်သူ ဦးသန့်ဟာ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စမှာ အမေရိကန်တွေကို လူသိရှင်ကြားဝေဖန်ပြစ်တင်ခဲ့တဲ့ အတွက် တစ်ချိန်က သူနဲ့အင်မတန်မှရင်နှီးခဲ့တဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ယိုယွင်းခဲ့ကာ ဦးသန့်ရဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းနဲ့ ဗီယက်နမ် အကြားတိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးစားမှုကို အမေရိကန်သမ္မတဂျွန်ဆင် အစိုးရက ငြင်းပယ်ခဲ့ဖူးပါတယ်။ ကိုယ်ကျင့်တရားကို လျစ်လျူရှုပြီး မိမိနာမည်ကြီးရေးတစ်ခုတည်းအတွက် လူပြိန်းကြိုက် အတိအလင်း ပြောဆိုလုပ်ဆောင်နေတဲ့ အခုလို ခေတ်မှာ မိမိကိုယ်ပိုင်ခံယူထားတဲ့ တန်ဖိုးထားမှုနဲ့ အမှန်တရားအတွက် ဝန်မလေးဘဲ လုပ်ဆောင်တတ်တဲ့ ဦးသန့်လို ခေါင်းဆောင်ကောင်းများစွာ ပေါ်ပေါက်လာဖို့ လွန်စွာလိုအပ်လှပါတယ်။  (၅) သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ ဦးသန့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ အသက် ၁၇ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ ဂရီတာထွန်းဘတ်ဂ် (Greta Thunberg) က နိုင်ငံတကာကို လှုံ့ဆော်ခဲ့ရာ တစ်ကမ္ဘာလုံးက အထူးသဖြင့် လူငယ်တွေ လမ်းပေါ်ထွက်ပြီး  တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လာတာကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ အထူးတလည် ရေးသားဖော်ပြတာကို သိပ်မကြာသေးခင်က တွေ့ရပါတယ်။  တကယ်တော့ ဦးသန့်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာရပ်တွေကို လေ့လာထားတဲ့ အစီရင်ခံစာတစ်စောင်ကို ၁၉၆၉ ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခုနှစ်ကတည်းက ထုတ်ပြန်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတကာကို လှုံ့ဆော်ခဲ့သူတစ်ဦးပါ။ သဘာဝပတ်ဝန်းကျင်အရေးဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့ ဦးသန့်က ကြိုတင်ပြီးပြောခဲ့သလိုပါပဲ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံစားနေရတဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့  သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး အတူတကွ ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ (၆) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်သူ ဦးသန့် ဦသန့်ဟာ လူ့အခွင့်အရေးနဲ့ လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို လေးစားမှုရှိစေရန်အတွက် ကြိုးစားပြီး လှုံ့ဆော်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ “လူသားတစ်ဦးချင်းစီရဲ့ တန်ဖိုးဟာ ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေထဲမှာ အထူးခြားဆုံးနဲ့ တန်ဖိုးအရှိဆုံးဖြစ်ပါတယ်။ အစိုးရများ၊ အယူဝါဒများနဲ့ အဖွဲ့အစည်းများဆိုတာ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေပါသော်လည်း လူသားမျိုးနွယ်စုကတော့ ကျန်ရှိနေဆဲပါ” လို့ လူ့ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး ဦးသန့် ပြောဖူးခဲ့တဲ့ ပညာရှိစကားကို ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ချိန်၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ/ ပြည်သားတွေကို လိုအပ်တဲ့ အကူအညီတွေပေးသွားမှာ ဖြစ်ကြောင်း ကတိကဝတ်ပြောကြားခဲ့စဉ်က ထည့်သွင်းကိုးကားပြောဆိုခဲ့တာဖြစ်ပါတယ်။  ဒီမိုကရေစနစ်နဲ့ ပတ်သက်ပြီး ဦးသန့်လက်ခံထားတဲ့ အခြေခံသဘောတရားကတော့ မတူကွဲပြားမှုကို သဘောထားအမြင်ကြီးစွာ နားလည်လက်ခံပြီး၊ အခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားမှုပြသခြင်းဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီလိုလားသူတွေဟာ အသိပညာတိုးတက်လာအောင် ကြိုးစားရမှာဖြစ်ပြီး၊ အများအကျိုးကို သယ်ပိုးထမ်းဆောင်ဖို့လိုလားကာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ လက်တွေ့ပါဝင်ရမှာ ဖြစ်တယ်ဆိုတာကို ဦးသန့် ရဲ့ 'ကျောင်းတွင်းဒီမိုကရေစီ' စာအုပ်မှာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။  မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်မြင်တာကို မြင်တွေ့ချင်တဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့  လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားမှု ပြသကြရမှာဖြစ်ပါတယ်။ (၇) ငြိမ်းချမ်းရေးဗိသုကာ ရှင်ကြီး ဦးသန့် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ပြီး တစ်နှစ် အကြာမှာတင် ကျူးဘားဒုံးကျည် အကျပ်အတည်းပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဂျွန်အက်ဖ်ကနေဒီနဲ့ ဆိုဗီယက်ယူနီယံခေါင်းဆောင် နီကီတာခရှုးရှက်တို့အကြား ကြားဝင်ဖြန်ဖြေခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် အဖြစ်သော်လည်းကောင်း၊ ပြီးတော့ ကျုးဘားနိုင်ငံကို သွားရောက်ပြီး ကျူးဘားဝန်ကြီးချုပ် ဖီဒယ်ကက်စထရိုနဲ့ ကိုယ်တိုင်တွေ့ဆိုမှုပြုလုပ်ခြင်းအားဖြင့်  ကမ္ဘာမှာ နောက်ထပ် နျူကလီးယားစစ်ပွဲဖြစ်ပွားလုခါနီးနီး အခြေအနေကို အောင်မြင်စွာ ရပ်တန့်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဦးသန့်ဟာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ကွန်ဂို၊ ဘာရိန်း၊ ဒိုမီနီကန်အကျပ်အတည်း၊ ၁၉၆၅ နှင့် ၁၉၇၁ အင်ဒို-ပါကစ္စတန်စစ်ပွဲနဲ့ ယီမင်ပြဿနာ အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန် နိုင်ငံအချင်းအချင်းအကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ကောင်းမွန်တဲ့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အချင်းချင်းအကြား စေ့စပ်ဖျန်ဖြေရေးတို့ကို  အစဉ်တစ်စိုက် ကြိုးစားလုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက “ကမ္ဘာလောကကြီးတစ်ခုလုံးက ဦးသန့်အပေါ် အကြွေးတင်နေပါပြီ” လို့ ကျူးဘားအကျပ်အတည်းအပြီး ပြောဆိုခဲ့တာပါ။ ကမ္ဘာ့  ဒုတိယ နှစ်ရှည်အကြာဆုံး ပြည်တွင်းစစ်ကြီးရဲ့ဒဏ်ကို ယခုထက်ထိတိုင်အောင် ခံစားနေတဲ့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဦးသန့်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် မရပ်မနား လုပ်ဆောင်တဲ့ စိတ်ဓါတ်နဲ့ စွမ်းရည်ကို စံနမူနာ အတုယူရမှာ ဖြစ်ပါတယ်။ (၈) လူမျိုးရေးဝါဒ နှင့် လူမျိုးရေး ခွဲခြားမှုကို ရွံမုန်းသူ ဦးသန့် “လူမျိုးရေးဝါဒနှင့် လူမျိုးရေးခွဲခြားမှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ထိုကဲ့သို့အရာတွေကို မြှောက်ပင့်အားပေးတဲ့ ရွံရှာဖွယ်ကောင်းတဲ့ အလေ့အကျင့်များကို အမြစ်ဖြတ် တိုက်ဖျက်ဖို့ ကျွန်တော်တို့တတွေအားလုံးမှာ ကြီးလေးတဲ့ တာဝန်ရှိပါတယ်” လို့ ဦးသန့်ဟာ သူ့မိန့်ခွန်းတစ်ခုမှာ  အတိအလင်း ပြောကြားခဲ့ဖူးပါတယ်။  လူမျိုးရေးဝါဒနဲ့ လူမျိုးရေးခွဲခြားမှုကို ရွံမုန်းသူ ဦးသန့်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တောင်အာဖရိကအစိုးရရဲ့ အသားအရောင်ခွဲခြားရေး မူဝါဒတွေကို ဆန့်ကျင်ခဲ့ပြီး အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အာဖရိကန်- အမေရိကန် သိက္ခာတော်ရ မာတင်လူသာကင်းရဲ့ အတွေးအခေါ် ဒဿနတွေနဲ့ သူဦးဆောင်တဲ့ လူထုတက်ကြွလှုပ်ရှားမှုတွေကို ထောက်ခံကြောင်းလည်းပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့အဆင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဒီလိုအတွေးအမြင် ခံယူချက်တွေကို ကမ္ဘာကတလေးတစားရှိကြသလို အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ လှပစွာ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမိမြန်မာနိုင်ငံတော်ကြီးမှာ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေ လုံးဝမရှိရလေအောင် ကြိုးစားလုပ်ဆောင်ရမည်မှာ လူသားဆန်တဲ့ တာဝန်ကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။ အလွန်အင်မတန်မှ ဧည့်ဝတ်ကျေပွန်တဲ့ အစ်မရည်မွန်က ကျွန်တော့်ကို ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ တစ်ထပ်ပြီးတစ်ထပ်တက်ကာ လိုက်လံရှင်းပြပေးခဲ့သလို ကမ္ဘာ့အဆင့်ညီလာခံကြီးတွေ ကျင်းပတဲ့ ခန်းမကြီးတွေကိုလည်း တစ်ခုပြီးတစ်ခု လေ့လာခွင့်ရခဲ့ပါတယ်။ အစ်မရည်မွန်ရဲ့ ကျေးဇူးနဲ့ ကုလသမဂ္ဂရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတွေ နားနေဆောင်၊ စာကြည့်တိုက်၊ စားသောက်ဖွယ်ရာ ခန်းမဆောင် စတဲ့နေရာတွေကိုလည်း ရောက်ရှိလည်ပတ်ခွင့် ရခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့ ဧည့်သည်အဖြစ် ဒီလို လှည့်ပတ်လေ့လာရင်း ရုံးတွင်း စားသောက်ခန်းနားမှာ ဦးသန့်ရုပ်ပုံကားချပ်ကြီးနောက်တစ်ခုကို ထပ်မံတွေ့ရှိခဲ့ရတဲ့အချိန်မှာတော့ ဦးသန့်ကို ကြည်ညိုခြင်း၊ လေးစားခြင်း၊ အားကျခြင်းစတဲ့ စကားလုံးနဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားမှုတွေကို ကျွန်တော်ထပ်မံခံစားရလိုက်ပါတယ်။ တစ်နေကုန် လှည့်လည်လည်ပတ် လေ့လာပြီးချိန်မှာတော့ ကုလသမဂ္ဂရုံးချုပ်မှာ ကျွန်တော်မရောက်လိုက်တာဆိုလို့  ရုံးချုပ်ရဲ့ ၃၈ လွှာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးပဲ ကျန်တော့တယ်လို့ အစ်မရည်မွန်က ကျွန်တော့်ကို စနောက်ကာ ပြောပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြောမိနေတာကတော့ ၃၈ လွှာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးကို မရောက်လိုက်ရပေမယ့် ဦသန့်ရဲ့ အတုယူဖွယ်နည်းနာနဲ့ ဂုဏ်ယူဖွယ်ရာလုပ်ရပ်တွေကို လက်တွေ့လိုက်နာ လုပ်ဆောင်လိုက်တာဟာ သူနေခဲ့တဲ့ရုံးကို ရောက်တာထက် ပိုမြတ်ပါလိမ့်မယ်ဆိုတာပါပဲ။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ဦးသန့် ကွယ်လွန်သွားချိန်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ တစ်မိနစ် ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြပါတယ်။ ဒါဟာ ဦးသန့်ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှမြောတသ ဝမ်းနည်းခဲ့ကြရတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီလိုနဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ် အဆောက်အအုံ အတွင်းက ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက် ကျွန်တော်တွေးမိဖြစ်ခဲ့တာကတော့ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းမှာ သင်ယူခဲ့ရသလို မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ရတနာ ဦးသန့် အကြောင်းကိုလည်း မြန်မာ့မျိုးဆက်သစ် အနာဂတ်ခေါင်းဆောင်တွေ ဂုဏ်ယူစွာနဲ့ လေ့လာသင်ယူခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတာကိုပါပဲ။ ဆောင်းပါး- ဇော်တူးခေါင်   (စာရေးသူ ဇော်တူးခေါင်သည် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီ အခြေစိုက် McCain Institute ၏ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာ့အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များကို ကိုယ်ကျင့်တရားဖြင့်မောင်းနှင်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် သင်တန်းပေးနေသူတစ်ဦးဖြစ်သည်။)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up