မင်းဘူးပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး သေဆုံး
DVB
·
November 24, 2020
မင်းဘူးမြို့ ပြည်သူ့ဆေးရုံမှာ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကနေ သိရပါတယ်။
မင်းဘူးခရိုင်ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ဆွေက “သေဆုံးသူ အမျိုးသမီးဟာ အသက် ၅၄ နှစ်အရွယ်ဖြစ်ပြီးတော့ ကျောင်းတော်ရာကျေးရွာကနေ စကုမြို့ ကန်ဦးရိပ်သာမှာ Quarantine ဝင်ပြီး ရောဂါပိုးတွေ့ရှိလို့ မင်းဘူးပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတာဖြစ်တယ်။ အဲဒီအမျိုးသမီးဟာ အရင်က လေဖြတ်ဖူးထားပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိပြီးတော့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နှလုံးခုန် မမှန်တာကြောင့် ဆေးသွင်းပေးထားပြီး နိုဝင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တာပါ”လို့ ပြောပါတယ်။
မင်းဘူးခရိုင်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၁၀၀ ကျော် တက်ရောက်ကုသခဲ့ပြီး လက်ရှိ ၁၇ ယောက်ရှိတဲ့အနက် ရောဂါအခံရှိတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကာ ကျန်တဲ့ ၁၆ ယောက် ကတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၁၇၃ ဦး တွေ့ရှိထားပြီး ဆေးရုံဆင်းခွင့်ရသူ ၈၉၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိပြီလို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး