သတင်းစာဖတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မေတ္တာရပ်ခံ
DVB
·
November 24, 2020
ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ အစိုးရဌာန အသီးသီးကထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို သေသေချာချာသိရှိစေဖို့ သတင်းစာတွေကို ဖတ်စေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၃ ရက်ညက နိုင်ငံပိုင်ရုပ်သံကနေ ပြည်သူလူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောသွားတာပါ။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မ တစ်ခုမေတ္တာရပ်ခံချင်ပါတယ်။ အဲ့ဒါကတော့ ဖြစ်နိုင်ရင် သတင်းစာတွေကို ဖတ်စေချင်ပါတယ်။ နိုင်ငံတော် သတင်းစာတွေ၊ အဲဒါက သတင်းစာရောင်းချင်လို့ ကျွန်မပြောတာ မဟုတ်ပါဘူး။ ရောင်းလို့ ကောင်းရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့ပြောရလဲဆိုတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ နောက်တခြားအစိုးရဌာန အသီးသီးက ထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို တချို့တွေက သေသေချာချာ မဖတ်ဖြစ်ကြဘူး။ သေသေချာချာ ဂဃဏနပေါ့။ ဘာတွေပြောထားသလဲဆိုတာ မသိကြဘူး ဆိုတာ ကျွန်မ သတိပြုမိပါတယ်။ ဖုန်းထဲမှာ ကြည့်တဲ့အခါကျရင် တစ်ခါတလေလည်း အစအဆုံး မကြည့်လိုက်မိတာလား၊ ရုပ်မြင်သံကြားမှာလည်း မကြားမိတာလားတော့ မသိဘူး။ တချို့တွေကနေပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ၊ ချမှတ်ထားတဲ့အကြံပြုချက်တွေပေါ့။ ဒါတွေ သေသေချာချာ မသိတာကို သတိထားမိပါတယ်”လို့ပြောပါတယ်။
ဒါ့အပြင် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေလည်း ပြည်သူကို ပညာပေးတဲ့ စီးပွားရေးအစီအစဉ်တွေ၊ ပြည်သူတွေအနေနဲ့ ပါဝင်ပြီးတော့ လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်းလေးတွေ၊ ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို ဒီအပတ်စပြီးတော့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ လွှင့်သွားမယ်လို့ လည်းပြောပါတယ်။
မကြာခင် ရောက်လာတော့မယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလ အထူးအစီအစဉ်တွေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေပြီးတော့ ဘာတွေလုပ်မလဲဆိုတာကိုလည်း ပြည်သူတွေသိအောင်လို့ ပြောသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရင်အပတ်က ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့ပြည်သူ နည်းနည်းများလာပေမဲ့ ထိန်းထားနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ ဆက်လက် ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့၊ Mask တွေနဲ့ Face Shield တွေကို တတ်နိုင်သမျှတပ်ဖို့၊ အပြင်မထွက်ဘဲ နေနိုင်ရင်နေကြဖို့လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောပါတယ်။
ဓာတ်ပုံ- State.Counsellor