A d v e r t i s e m e n t With Us

နှစ်နိုင်ငံနယ်စပ်မျဉ်းအနီး တရုတ်က ခြံစည်းရိုးလာခတ်သဖြင့် မြန်မာဘက်က ကန့်ကွက်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှာ စိုးရိမ်လို့ဆိုပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်မျဥ်းဧရိယာအတွင်း တရုတ်ဘက်က ခြံစည်းရိုးခတ် လာခတ်တာကို မြန်မာဘက်က ကန့်ကွက်ခဲ့တဲ့အတွက် ၁၀ မီတာ နောက်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။  နိုဝင်ဘာ ၁၈ နေ့က တရုတ်ဘက်ကို ကန့်ကွက်စာပို့ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရကိုလည်း စာတင်ခဲ့တယ်လို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးမှူး ဦးကျောက်တယ်ချန်းက ပြောပါတယ်။ တရုတ်ဘက်က ခြံစည်းရိုးလာခတ်တာကို နိုဝင်ဘာ ၂၂ နေ့ မနက်ပိုင်းမှာ  မြေစာရင်းနဲ့ ကွင်းဆင်းစစ်ဆေးခဲ့ပြီး နှစ်ဖက်ညှိနှိုင်းခဲ့တယ်လို့ လောက်ကိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးငွေဒိုးက ပြောပါတယ်။ “သူတို့ဘက်က စစ်သားတွေကော ပြင်ပဆက်ဆံရေးဌာနမှူးတွေနဲ့ကော ညှိနှိုင်းခဲ့ရတယ်။ တရုတ်နှင့် မြန်မာနှစ်နိုင်ငံရဲ့  နယ်နိမိတ်မှာ ဆယ်မီတာအတွင်း ဘာအဆောက်အဦမှ အခိုင်အမာ မဆောက်ရဆိုတဲ့ နှစ်ဘက်သဘောတူစာချုပ်အရ ရှင်းပြတော့ သူတို့ဘက်ကလည်း လက်ခံ သွားပါတယ်။ တိုင်တွေကျင်းတွေ ပြန်ဆွဲနုတ်ပြီး ဆယ်မီတာနောက်ဆုတ်ပေးသွားပြီ။” ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်ဟာ အရှေ့ဘက်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်မှု ၂၆ မိုင် ရှိပြီး၊ မြောက်ဘက်မှာ ကုန်းကြမ်းမြို့နယ်နဲ့ အရှည်မိုင် ၁၂ မိုင် ထိစပ်နေပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ မရှိသေးဘူးလို့ သိရပါတယ်။ သတင်း - နန်းစပယ်၊ ဓာတ်ပုံ - ဦးငွေဒိုး

A d v e r t i s e m e n t With Us

More News
Up