ကိုလံဘီယာ ကော်ဖီစိုက်ခင်းတခုတွင် ပစ်ခတ်ခံရသဖြင့် ၈ ဦး သေဆုံး

407
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း အန်တီယိုကွေယာခရိုင် ဘေတာနီယာ စည်ပင်ဒေသ ကော်ဖီစိုက်ခင်းထဲမှာ နိုဝင်ဘာ ၂၁ ရက်က လူ ၁၄ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၈ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်သူတွေရဲ့ အခုလို အစုလိုက် အပြုံလိုက် လူသတ်မှုဟာ မူးယစ်မှောင်ခိုမှုနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံအတွင်း မူးယစ်မှောင်ခိုမှုတွေမှာ ပဋိပက္ခတွေ ဖြစ်နေလို့ မနှစ်က အစုလိုက် အပြုံလိုက် လူသတ်မှုတွေ တိုးလာခဲ့ပါတယ်။
သီးခြားဖြစ်ရပ်တခုမှာ ကောင်ကာခရိုင် အာဂျီလီယာမြို့ထဲမှာလည်း လူသတ်မှုကြောင့် ၄ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
ကိုလံဘီယာဟာ ကမ္ဘာ့ကိုကင်း အဓိက ထုတ်လုပ်တဲ့ နိုင်ငံပါ။ မူးယစ်ကုန်ကူးမှုဟာ ကိုလံဘီယာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရဲ့ အကြောင်းရင်းလို့ အာဏာပိုင်တွေက ပြောပါတယ်။
နှစ်ငါးဆယ်ကျော် ပြည်တွင်းပဋိပက္ခတွေအတွင်း လူ ၂၆၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။