အုတ်ဖိုတွင် ကိုဗစ်လူနာများလာသဖြင့် ပြည်သူ့ဆေးရုံတွင် နေရာမလုံလောက်ဖြစ်နေ
DVB
·
November 23, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ ဦးထပ်မံတွေ့ရှိပြီး လူနာစုစုပေါင်း ၉၁ ဦးရှိလာပြီလို့ သိရပါတယ်။
နိုဝင်ဘာ ၂၂ ရက်နေ့က RDT Test Kit နဲ့ ၉၃ ဦးအား စစ်ဆေးရာ ရန်ကုန်ပြန် ၂ ဦးနဲ့ ခရီးသွားရာဇဝင်မရှိသူ ၄ ဦးတို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာလို့ မြို့နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။
ပိုးတွေ့လူနာ ၆ ဦးမှာ လေဖြတ်ရောဂါခံစားနေရသူ လူနာ ၁ ဦးနဲ့ ၄ လသားအရွယ်ကလေးရှိ တဲ့ မိခင် ၁ ဦးတို့ပါဝင်တယ်လို့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ကျန်းမာရေးလမ်းညွှန်မှုတွေ Mask ကမ်ပိန်းတွေ ပြုလုပ်နေပေမဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာ ရေးလမ်းညွှန်မှုတွေအပေါ် လိုက်နာမှုအားနည်းတာကြောင့် ရောဂါကူးစက်မှုတွေ ပိုပြန့်ပွားလာမှာကို စိုးရိမ်တယ်လို့ ကျန်းမာရေးလက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။
အုတ်ဖိုမြို့နယ်မှာ ဒေသတွင်းကူစက်ခံရသူ ၂၂ ဦးထိရှိလာပြီး ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အပြင်ထွက်ပါက Mask တပ်ဖို့၊ ခရီးသွားတာတွေ၊ အိမ်လည်တာတွေ၊ လူမ မာသွားမေးတာတွေ မလုပ်ဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
အုတ်ဖိုမြို့နယ်မှာ အတည်ပြုလူနာတွေ များလာတာကြောင့် ပြည်သူ့ဆေးရုံမှာထားဖို့ နေရာမလုံလောက်တဲ့အတွက် သီတဂူစက္ခုဒါနဆေးရုံကို အမျိုးသမီးအတည်ပြုလူနာတွေ ပို့ဆောင်ကုသထားတယ်လို့ မြို့နယ် ကိုဗစ်ကော်မတDတာဝန်ရှိသူတဦးက ဆိုပါတယ်။
အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အတည်ပြုလူနာ ၉၁ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ အယောက် ၆၀ နဲ့ အုတ်ဖိုဆေးရုံမှာ လက်ရှိကုသမှုခံယူနေသူ ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း