Homeမြန်မာသတင်း
ချမ်းမြသာစည်က တောင်းရမ်းသူတဦးသေဆုံး၊ ကိုဗစ်ပိုးတွေ့သဖြင့် လှူဒါန်းခြင်းများမလုပ်ရန် မေတ္တာရပ်ခံ
ချမ်းမြသာစည်က တောင်းရမ်းသူတဦးသေဆုံး၊ ကိုဗစ်ပိုးတွေ့သဖြင့် လှူဒါန်းခြင်းများမလုပ်ရန် မေတ္တာရပ်ခံ
DVB
·
November 22, 2020
ချမ်းမြသာစည်မြို့နယ်မှာ သေဆုံးခဲ့တဲ့ တောင်းရမ်းစားသောက်သူကို စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့အတွက် တောင်းရမ်းစားသောက်သူတွေကို ပေးကမ်းလှူဒါန်းတာ မလုပ်ဖို့ စည်ပင်သာယာ သန့်ရှင်းရေးဌာနက မေတ္တာရပ်ခံလိုက်ပါတယ်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ဦးပွားဘုရားအနောက်မုဒ်မှာ နိုဝင်ဘာလ ၂၁ ရက်နေ့က တောင်းရမ်းစားသောက်သူတစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို PPE ဝတ်စုံတွေနဲ့ မန္တလေးဆေးရုံကြီးကို ပို့ခဲ့ပါတယ်။
မန္တလေးဆေးရုံကြီးမှာ သေဆုံးသူကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာ Positive အဖြေထွက်တဲ့အတွက် သေဆုံးသူနဲ့ တဖွဲ့တည်း သွားလာတောင်းရမ်းသူတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေက လိုက်လံရှာဖွေခဲ့ပြီး ၉ ယောက်ကို ထိန်းသိမ်းထားနိုင်ကာ Quarantine စင်တာပို့ဆောင်မယ်လို့ ချမ်းမြသာစည်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ပြောပါတယ်။
“ကလေးတွေက အိမ်ခြေမဲ့တွေဆိုတော့ လျှောက်သွားနေတဲ့အတွက် ရှာဖွေရတာ အခက်အခဲရှိတယ်။”
တောင်းရမ်းစားသောက်သူ သေဆုံးခဲ့တာကြောင့် လမ်းပေါ်နေ ကလေးသူငယ်တွေ၊ တောင်းရမ်းစားသောက်သူတွေနဲ့ ပန်းရောင်း မုန့်ရောင်းနေသူတွေကတဆင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားနိုင်တဲ့အတွက် ပေးကမ်းတာ ဝယ်ယူအားပေးတာတွေ မလုပ်ဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက လူမှုကွန်ယက်ကနေ မေတ္တာရပ်ခံထားပါတယ်။
လမ်းပေါ်နေ ကလေးသူငယ်တွေ၊ တောင်းရမ်းစားသောက်သူတွေကနေ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်တဲ့အတွက် သတိပြုမိဖို့ အသိပေးတာပါလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနဌာနမှူး ဦးလှမျိုးက ပြောပါတယ်။
လမ်းပေါ်နေ ကလေးငယ်တွေ တောင်းရမ်းစားသောက်သူတွေကို ထွေအုပ်၊ စည်ပင်သာယာ သန့်ရှင်းရေးဌာန၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး အသိပညာပေးတာ၊ လူမှုဝန်ထမ်းကို ပို့တာတွေ လုပ်ပေမယ့် တောင်းရမ်းတဲ့အလုပ်ကိုပဲ ပြန်လုပ်ကြတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၄၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၃ ဦး ထိရှိပြီဖြစ်ကာ လက်ရှိ ဆေးရုံတက်ကုသနေသူက ၁၅၀၀ ကျော် ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။
နိုင်လင်းဦး