လွတ်ရက်စေ့မြန်မာများကို တရုတ်ဘက်က တရားမဝင်လာလွှတ်မှုများ ရှိနေ
DVB
·
November 22, 2020
အကြောင်းအမျိုးမျိုးကြောင့် တရုတ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသားတွေကို တရုတ်တာဝန်ရှိသူတွေက တရားဝင်မဟုတ်ဘဲ နယ်စပ်မှာ လာလွှတ်တာမျိုး ရှိနေတယ်လို့ သိရပါတယ်။
တရုတ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ထောင်လွှဲတွေကို တပတ်တခါ လက်ခံနေပေမယ့် မြန်မာအစိုးရဘက်ကို တရားဝင် လွှဲပြောင်းမပေးဘဲ မြန်မာ - တရုတ် နယ်စပ်တွေမှာ လာလွှတ်၊ လာသွန်တာမျိုး ရှိနေတယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာ ထောင်လွှဲတာဝန်ခံဖြစ်သူ ဦးမန်းမျိုးမြင့်က DVB ကို ပြောပါတယ်။
“ပိုက်ဆံတောင်းပြီး လွှတ်လိုက်တာတွေရှိတယ်။ တချို့ကျတော့လည်း သူတို့နိုင်ငံထဲဆိုတော့ သူတို့လုပ်ချင်တာ ခံရတာပေါ့။ ဟိုတခါဆို အဲလိုပဲ ခိုးပေါက်ကနေ သွားလွှတ်တယ်၊ နောင်တောင်းကနေ လွှတ်တယ် သတင်းကြားတော့ ကျနော်တို့ ချက်ချင်း တရုတ်ပြည်မှာ ယာဉ်ထိန်း အနေနဲ့ရော နယ်ခြားအနေနဲ့ရော ကျနော်တို့ ကန့်ကွက်လိုက်တယ်။”
နှစ်နိုင်ငံ ညှိနှိုင်းထားတဲ့ ရောဂါထိန်းချုပ်မှု သတ်မှတ်ချက်နှင့်နဲ့ မကိုက်ညီပဲ ခိုးပေါက်ကနေ လာသွန်တာမျိုး ရှိနေတာကြောင့် ရောဂါကူးစက်မှု မြင့်တက်လာမှာ စိုးရိမ်လို့ ပြည်နယ်မှာရော ပြည်ထောင်စု အဆင့်မှာရော ကန့်ကွက်ထားတာရှိပေမယ့် နယ်စပ်ခိုးပေါက်တွေမှာ လာသွန်ချတာမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
စီကိုင်ထောင်က ပတ်စပို့မှုနဲ့ ဖမ်းခံထားရပြီး လွှတ်ရက်စေ့တဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား အယောက် ၅၀ ကျော်ကို မူဆယ်ဘက် အာဏာပိုင်အဖွဲ့တွေက လက်မခံသေးလို့ တရုတ်ရဲတွေက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ခိုးပေါက်ကနေ လွှတ်ခဲ့တယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။
ကိုဗစ်-၁၉ ကာလဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်မှာ နေရာအခက်အခဲနဲ့ ကိုဗစ်ပိုး စစ်ရတာကြောင့် ထောင်လွှဲတွေကို တပတ်တခါ လက်ခံဖို့ နှစ်ဖက်ညှိနှိုင်းထားပြီးသားဖြစ်တယ်လို့ မူဆယ် တရုတ်ကျောင်း ကွာရန်တင်းစင်တာ ထောင်လွှဲ တာဝန်ခံဖြစ်သူ ဦးမန်းမျိုးမြင့်က ပြောပါတယ်။
“ကျနော်တို့က နှစ်နိုင်ငံ ဆက်သွယ်ရေးအရ တစ်ပတ်လျှင်တစ်ကြိမ် လွှဲဖို့အတွက် ညှိနှိုင်ထားပြီးသား။ ကျွန်တော်တို့က လက်မခံတာလည်းမဟုတ်ဘူး။”
တရုတ်နိုင်ငံ ပြည်မ အကျဉ်းထောင်နဲ့ နယ်စပ်အကျဉ်းထောင်တို့က မူဆယ်ဘက်ကို တပတ်တကြိမ် အလှည့်ကျ လွှဲပြောင်းပေးတဲ့ မြန်မာနိုင်ငံသားတွေကို မူဆယ်မြို့ ဘောလုံးကွင်းမှာ လက်ခံပြီး တရုတ် စာသင်ကျောင်းမှာတော့ အကျဉ်းထောင်လွှဲတွေ၊ Contact တွေ၊ ကားဆရာတွေကို ထားတာလည်းဖြစ်ပါတယ်။
ပရာဂျော်