စစ်ကိုင်းမြို့တွင် ပိုးတွေ့လူနာ များလာသဖြင့် ယာယီဆေးရုံဖွင့်လှစ်ထားရ
DVB
·
November 22, 2020
စစ်ကိုင်းမြို့မှာ ပိုးတွေ့လူနာတွေထပ်မံတွေ့ရှိပြီး ဆေးရုံနေရာ မလုံလောက်တဲ့အတွက် ပညာရေးကောလိပ်ဝင်းအတွင်းက အဆောင်တခုမှာ ယာယီဆေးရုံ ဖွင့်လှစ်ထားရတယ်လို့ စစ်ကိုင်းခရိုင် ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
စစ်ကိုင်မြို့ပေါ် ရပ်ကွက်အသီးသီးမှာရှိတဲ့ Quarantine စင်တာတွေမှာ Quarantine စုစုပေါင်း ၂၈၀ ကျော်ကို နိုဝင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းက စစ်ဆေးခဲ့ရာမှာ ပိုးတွေ့လူနာ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ဆေးရုံဆင်း လူနာတစ်ယောက်မှမရှိသေးဘဲ အရင်ရက်က ပိုးတွေ့လူနာ စုစုပေါင်း ၃၉ ဦးအပြင် အခုလည်း ထပ်တိုးနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းဆေးရုံကြီးမှာ ကိုဗစ်-၁၉ ကုသဖို့နေရာက ၄၅ ဦးစာ ပဲရှိတဲ့အတွက် ပိုးတွေ့လူနာ ထပ်ပြီး တိုးနိုင်တာကြောင့် ပညာရေးကောလိပ် ကျောင်းဝင်းအတွင်းက အဆောင်တခုကို ယာယီဆေးရုံအဖြစ် ဖွင့်လှစ်ကာ ထပ်တိုးလူနာတွေကို အဲ့ဒီမှာ ခွဲပို့ထားပြီး ကုသနေရတယ်လို့ စစ်ကိုင်းကုတင် ၂၀၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုထွန်းက ပြောပါတယ်။
အဆိုပါ ပညာရေးကောလိပ် အဆောင်က နှစ်ထပ်ဆောင်ဖြစ်ပြီး တစ်ခန်းကို နှစ်ယောက်ထားလို့ ရကာ အခန်းပေါင်း ၄၄ ခန်းရှိတဲ့အတွက် လူနာ ၈၀ ကျော်လောက်ထားပြီး ကုသလို့ရမှာဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ လူနာတွေကိုပဲ သီးသန့်ထားပြီး ကုသသွားမယ်လို့ သိရပါတယ်။
ရဲနိုင်ဆွေ