ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျလာ
DVB
·
November 22, 2020
ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ ကူးစက်တဲ့အခြေအနေ လျော့ကျလာပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားတာမှာ အဓိက ကူးစက်နိုင်ခြေအများဆုံးအုပ်စုဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှုတွေရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ကူးစက်တာဟာ ရွေးကောက်ပွဲကာလ မတိုင်ခင်က အစုလိုက်ကူးစက်နှုန်း များခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကျန်းမာရေးဝန်ထမ်းတွေကြား ရောဂါကူးစက်တာဟာ တစ်ယောက်စ နှစ်ယောက်စ အခြေအနေသာ ရှိတော့တာဖြစ်ပြီး ရောဂါမကူးစက်အောင် ယခင်အတွေ့အကြုံတွေအရ ဂရုတစိုက် နေထိုင်လာနိုင်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေကြား ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်းကျဆင်းလာပြီလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာမော်မော်ဦးက ပြောပါတယ်။
ဗဟိုအဆင့်ကုသရေး ဆေးရုံကြီးဖြစ်တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းတွေ ၂၄၀၀ ကျော်သွာပြီလို့လည်း သိရပါတယ်။
ဒါကြောင့် အများပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းတွေအတိုင်း နေထိုင်ကြတာဟာ လက်ရှိရောဂါကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးပိုင်းအထောက်အပံ့ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ကူညီရာရောက်လို့ Stay at home ကာလမှာ ကျန်းမာရေးနည်းလမ်း တွေတိတိကျကျလိုက်နာပေးဖို့လိုတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့ အတည်ပြုလူနာ ၇ သောင်းကျော်ထဲမှာ ကျန်းမာရေးဝန်ထမ်း အရေအတွက် ထောင်ချီပါဝင်နေတယ်လို့ ကျန်းမာရေးဌာနက ပြောထားပါတယ်။