ကွင်းကောက်တိုက်နယ်ပြည်သူ့ဆေးရုံက ဆရာဝန် ၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ
DVB
·
November 22, 2020
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ်ပြည်သူ့ဆေးရုံက ဆရာဝန် ၁ ဦးမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်နယ်ဆရာဝန် ဆေးခန်းဖွင့်ထားတဲ့ အိမ်ရှင် မိသားစုသုံးဦးမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ခဲ့တာကြောင့် ဆရာဝန်ကို စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကွင်းကောက်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က ပြောပါတယ်။
"ဟုတ်ပါတယ်။ ၂၁ ရက်နေ့ နေ့လယ်ပိုင်းလောက်က သိရတာပါ။ ဆရာဝန်ဆေးခန်းဖွင့်တဲ့ အိမ်က မိသားစုရောဂါပိုး တွေ့တယ်။၊ တွေ့တဲ့နေမှာ ဆရာဝန်ကို စစ်တယ်၊ အဲနေ့မတွေ့ဘူးလေ။ ခု ၂၁ ရက်နေ့ ဆရာဝန်မှာ ပိုးတွေတာပါပဲ။ ကွင်းကောက်က တဖြည်းဖြည်းများလာနိုင်ပါတယ်” လို့ ပြောပါတယ်။
ပိုးတွေ့တဲ့ တိုက်နယ်ဆရာဝန်ကို ဟင်္သာတပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားပြီး ဆရာဝန်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွင်းကောက်ပြည်သူ့ဆေးရုံကိုလည်း Lockdown ချထားပါတယ်။
အင်္ဂပူမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀ ကျော်ရှိသွားပြီ ဖြစ်ပြီး ပိုးတွေ့သူအများစုက ကန့်သတ်စောင့်ကြည်သူတွေဖြစ်ပါတယ်။
တိုက်နယ်ဆရာဝန်အပြင် ဆေခန်းဖွင့်တဲ့ အိမ်ရှင်မိသားစု ၃ ဦးဟာ ခရီးသွားရာဇာဝင်မရှိဘဲ ရောဂါဖြစ်ပွားခဲ့တာလို့ အင်္ဂပူမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က ပြောပါတယ်။
"ကွင်းကောက်ရောဂါဖြစ်ပွားတဲ့ နေအိမ်နဲ့ဆေးရုံကို လက်ရှိအခြေအနေမှာ Lockdown ၁၀ ရက်လောက်ချမယ်။ လူနာတွေနဲ့ ထိတွေ့သူတွေကို ဆေးစစ်ဆေးမူတွေလုပ်ဆောင်ဖို့ စီစဥ်ဆောင်ရွက်နေပါတယ်။ ဆေးရုံအတွင်းက လူနာ ၃၆ ဦး နဲ့ လူနာစောင့်တွေစားဖို့အတွက်ပါ စီစဥ်ဆောက်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။”
ကွင်းကောက်မှာ ခရီးသွားရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ ကူးစက်ခံရသူ အခု တိုက်နယ်ဆရာဝန်အပါအဝင် ၅ ဦးရှိပြီဖြစ်ပြီး ကွင်းကောက် အထက ကွာရန်တင်းစင်တာမှာ ပြည်တွင်းနဲ့ပြည်ပက ပြန်လာသူ ၁၅ဝ ကျော်ရှိပါတယ်။
ကန့်သတ်စောင့်ကြည်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေ စားသောက်ဖို့ကိုတော့ ဒေသတွင်း အလှူရှင်တွေက လှူဒါန်းနေကြပါတယ်။
အင်္ဂပူမြို့နယ် ကွင်းကောက်မှာ ရောဂါပိုးတွေ့ရှိသူများလာပေမဲ့ ပြည်သူအချို့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာမှု အားနည်းနေသေးတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
သန်းထိုက်မြင့်