တီကိုအသင်း လာလီဂါချန်ပီယံဆု ရနိုင်သည့်အနေအထား မရှိသေးဟု နည်းပြပြော

စနေနေ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို အနိုင်ရရှိခဲ့ပေမဲ့ သူ့အသင်းဟာ လာလီဂါချန်ပီယံဆုကို ရရှိနိုင်တဲ့အနေအထား မရှိသေးဘူးလို့ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက ပြောပါတယ်။  မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဆီမြွန်နီရဲ့ တီကိုအသင်းက အိမ်ကွင်းမှာ ကိုးမန်းရဲ့ ဘာစီလိုနာအသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် တီကိုအသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာကို ရောက်ရှိခဲ့ပြီး ထိပ်ဆုံးက ဆိုစီဒက်အသင်းထက် တပွဲလျော့ အနေအထားမှာ ရှိနေပါတယ်။ စနေနေ့နိုင်ပွဲကြောင့် တီကိုအသင်းဟာ လာလီဂါ ၂၄ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို ရရှိသွားခဲ့ပြီး ဘာကာအသင်း နဲ့ အမှတ်ကွာဟမှုဟာလည်း ၉ မှတ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။  လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ဒီရာသီမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာလည်း သရေရလဒ်ထွက်ပေါ်လာခဲ့တာကြောင့် အများစုက ဒီရာသီ လာလီဂါချန်ပီယံဆုအတွက် တီကိုအသင်းက အလားအလာအကောင်းဆုံးလို့ သတ်မှတ်လာကြပါတယ်။  တီကိုအသင်းဟာ ၂၀၁၃-၁၄ ခုနှစ်နောက်ပိုင်းကတည်းက လာလီဂါချန်ပီယံဆုနဲ ဝေးကွာခဲ့ရတာ ဖြစ်ပြီး ဆီမြွန်နီကတော့ သူ့အသင်းဖလားရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ငြင်းဆိုပါတယ်။ ပွဲအပြီးမှာ လက်ရှိတီကိုအသင်းဟာ ဖလားရရှိခဲ့တဲ့အသင်းနဲ့ တူညီတာမျိုး မြင်တွေ့ရလားလို့ သတင်းထောက်တွေက မေးမြန်းခဲ့ပြီး တူညီမှုမျိုး မတွေ့ရသေးဘူးလို့ နည်းပြ ဆီမြွန်နီက ပြန်ဖြေခဲ့ပါတယ်။  “ကျနော့်အတွက် အရေးကြီးဆုံးက ကစားသမားတွေ ပြီးခဲ့တဲ့ရာသီကထက် ပိုမိုတိုးတက်လာတာကို မြင်တွေ့နေရခြင်းပဲဖြစ်ပါတယ်။ ကစားသမားတိုင်းဟာ တိုးတက်လာကြပြီး ကွင်းထဲမှာ အကောင်းဆုံးလုပ်ဆောင်ပြနိုင်ခဲ့ကာ အသင်းတသင်းမှာရှိသင့်တဲ့ စည်းလုံးမှုမျိုးရှိလာတာကိုလည်း မြင်တွေ့ရပါတယ်။ ကစားသမားတွေဟာ တပွဲထက်တပွဲ ပိုကောင်းတဲ့ အရာတွေကို အလိုရှိနေတာကို မြင်တွေ့ရတာ ကျနော့်အတွက် စိတ်ဓာတ်လှုံ့ဆော် မှုကို ဖြစ်စေပါတယ်။”  စနေနေ့နိုင်ပွဲကြောင့် တီကိုအသင်းဟာ ဘာစီလိုနာကို ပွဲ ၂၀ ဆက်တိုက် အနိုင်မရရှိခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up