Live
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီဝင် ၃ ဦးကို နှစ်ဖက်ညှိနှိုင်းအဆင်ပြေသည့်အချိန် ပြန်လွှတ်ပေးမည်ဟု အေအေပြော
DVB
·
November 21, 2020
ရခိုင်ဒေသမှာ ရွေးကောက်ပွဲအမြန်ဆုံးလုပ်ပေးဖို့နဲ့ ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီပါတီဝင် ၃ ယောက်ကို နှစ်ဖက်အပြန်အလှန်နားလည်မှုရှိတဲ့အချိန်မှာ ပြန်လွှတ်ပေးမယ်လို့ ရက္ခိုင့်တပ်တော် အေအေက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီပါတီဟာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံအားပေးတာနဲ့အတူ အခုရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး ဒီအောင်မြင်မှုကို ချီးကျူးဂုဏ်ပြုတယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ထုတ်ပြန်ချက်မှာ အဖွဲ့ချုပ်ကို မထောက်ခံသူတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်စောင့်ရှောက်မယ်ဆိုတာက ပါတီရဲ့ သဘောထားကြီးမှုကို ဖော်ပြတာလို့ နားလည်ပြီး ဒါကို အစိုးရအနေနဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ထက်ဝက်ကျော်မှာနေတဲ့ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးခဲ့တာကြောင့် အစိုးရသစ် လွှတ်တော်သစ် မစခင်မှာ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးသင့်တယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုချက်ကို တပ်မတော်ကလည်း အပြုသဘောနဲ့ လက်ခံကြိုဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတဲ့ လမ်းစအဖြစ်လည်း ရှုမြင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ရွေးကောက်ပွဲမတိုင်ခင်က အေအေကနေ ဖမ်းဆီးသွားတဲ့ တောင်ကုတ်မြို့နယ်က အန်အယ်လ်ဒီပါတီဝင် ၃ ယောက်ကို နှိပ်စက်တာမရှိဘဲ ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဆင်ပြေ နားလည်မှုရှိတဲ့ အချိန်မှာ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ သူတို့လွတ်မြောက်ဖို့ ပါတီက တောင်းဆိုနေသလို အေအေအနေနဲ့လည်း အစိုးရက ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရခိုင်ပြည်သူတွေ၊ နိုင်ငံရေးသမားတွေ၊ အေအေအဖွဲ့ဝင်တွေရဲ့ ဆွေမျိုးရင်းချာတွေ၊ ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြလို့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024