ကိုယ်စားမဲပေးသူ၊ ခွင့်ပြုခဲ့သူနှင့် တံဆိပ်တုံးအတုဖြင့် မဲပေးသူများကို အမှုဖွင့်

ကိုယ်စားမဲပေးသူတွေနဲ့ ခွင့်ပြုခဲ့သူတွေ၊ တံဆိပ်တုံးအတုနဲ့ မဲပေးသူ၊ မဲ ၂ ကြိမ်ပေးခဲ့သူနဲ့ မဲရုံပစ္စည်းဖျက်ဆီးခဲ့သူကို အမှုဖွင့်ထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ရွာ မဲရုံအမှတ် ၃ မှာ  ဦးမောင်မြင့်ဟာ ဆန္ဒမဲပေးရာမှာ သူကိုယ်တိုင်ယူလာတဲ့ UEC အမှတ်အသား မပါတဲ့ တံဆိပ်တုံးအတုနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ဆန္ဒ မဲလက်မှတ်တွေကို ဆန္ဒပြုခဲ့တာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ ကင်းတပ်ကျေးရွာအုပ်စု၊ မဲရုံအမှတ် ၁ မှာ ကင်းတပ်ရွာနေ မဲစာရင်းမှာမပါတဲ့ ဦးချမ်းမြေ့အေးဟာ သူ့အကို ဦးငြိမ်းချမ်းအေးကိုယ်စား မဲပေးခဲ့ပြီး အဲဒီလို မဲပေးခွင့်ရဖို့ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလှကြိုင်က ခွင့်ပြုပေးခဲ့ပါတယ်။ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက်၊ မဲရုံအမှတ် ၁ မှာ ဒေါ်ဖူးငုံဖြိုးရဲ့အစား ညီမဖြစ်သူ မမွန်မွန်ဝေက ကိုယ်စားလာရောက်မဲပေးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊  လဲခုံကြီးရွာနေ ဦးသူရအောင်ဟာ  ကွင်းကြီးကျေးရွာအုပ်စု  မဲရုံအမှတ် ၅ မှာ တကြိမ်၊ ဇနီးဖြစ်သူနေထိုင်ရာ အင်္ဂပူမြို့နယ်၊ နွားခြံ ကုန်းကျေးရွာအုပ်စု၊ ကုန်းတောင်နီရွာ မဲရုံအမှတ် ၂ မှာ တကြိမ် မဲပေးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်ကျေးရွာအုပ်စု၊ လက်ပံကုန်းရွာ မဲရုံအမှတ် ၂ မှာတော့ စုံစမ်းနေဆဲ တရားခံက ဆန္ဒမဲပေးတဲ့ အခန်းတွေနဲ့ ဆန္ဒမဲပေးရာမှာ သုံးမယ့်ပစ္စည်းတွေကို ရွေးကောက်ပွဲမတိုင်ခင်တရက်က ဖျက်ဆီးခဲ့ပါတယ်။ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ ရန်မနိုင်ကျေးရွာအုပ်စုမဲရုံအမှတ် ၂ မှာ မကြူကြူသင်းဟာ ရန်ကုန်မြို့မှာနေတဲ့ သူ့ရဲ့ အစ်မဖြစ်သူ မအေးသက်နိုင်ကိုယ်စား မဲပေးခဲ့ပြီး မဲရုံမှူး ဒေါ်အုန်းကြိုင်က ခွင့်ပြုပေးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း  ကန်ကြီးထောင့်မြို့နယ်၊    မြင်းကဆိပ်ကျေးရွာအုပ်စုမဲရုံအမှတ် ၁ မှာ ဒေါ်မေဝင်းဟာ တရွာတည်းနေသူ ဒေါ်ခင်ခင်စိုးရဲ့ မဲစာရင်း အမှတ်စဉ်နဲ့ ကိုယ်စားမဲပေးခဲ့ပါတယ်။ ဒီဖြစ်စဉ် ကျူးလွန်ခဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ  ရာဇသတ်ကြီး ပုဒ်မ ၄၂၀/ ၄၆၈၊ သက်ဆိုင်ရာ   လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈၊ ၅၉ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up