ကိုဗစ်ကူးစက်ခံရသည့် ဆာလက်၏အခြေအနေ ကလော့ထုတ်ဖော်ပြောဆို

လက်စတာနဲ့ ကစားမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲမှာ ဆာလက်မပါဘူးလို့ မပြောဆိုနိုင်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့က ငြင်းဆိုသွားခဲ့ပါတယ်။  လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ နိုင်ငံတကာ ပွဲစဉ်ကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူစက်ခံခဲ့ရသူပါ။  ဆာလက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ သူ့ညီရဲ့မင်္ဂလာဆောင်ကို နှာခေါင်းစည်းတပ်တာ၊ ခပ်ခွာခွာနေထိုင်းတာ စတာတွေလိုက်နာခြင်းမရှိဘဲ ဆင်နွှဲခဲ့တာတွေ့ခဲ့ရပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကြေညာခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ အခု သီတင်းပတ်အစောပိုင်းစစ်ဆေးမှုမှာလည်း ဒုတိယကြိမ်မြောက် positive ထပ် ဖြစ်ခဲ့ပေမယ့် မာဆေးဆိုဒ်ကို ပြန်လာတော့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အီဂျစ်လက်ရွေးစင်ကစားသမား အယ်လ်နီနီမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ရပါတယ်။  ဒီအခြေအနေကြောင့် အယ်လ်နီနီဟာ  လိဒ်နဲ့ ကစားမယ့်တနင်္ဂနွေနေ့ပွဲကို လွဲချော်မယ်လို့ အာဆင်နယ်အသင်းဘက်က ထုတ်ပြန်ထားပေမယ့် လီဗာပူးအသင်းဘက်ကတော့ ဆာလက်နဲ့ ပတ်သက်တဲ့ အခြေအနေကို တိတိကျကျထုတ်ပြန်ဖို့ငြင်းဆိုပါတယ်။  ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာကလော့က “သူဒီနေ့အသင်းကို ပြန်လာမှာပါ။ ကျနော်သူနဲ့ အနီးကပ်အဆက်အသွယ်ရှိပါတယ်။ သူသာ negative ဖြစ်တယ်ဆိုရင် လုပ်စရာ ရှိတာတွေ ဆက်လုပ်သွားမှာပါ။ သူ့မှာ ရောဂါလက္ခဏာပြတာမျိုးမရှိပါဘူး။ သူ့အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ လူသိရှင်ကြား ထုတ်ပြောစရာမရှိပါဘူး” လို့ ပြောပါတယ်။ ဆာလက်မင်္ဂလာပွဲ တက်ခဲ့တာနဲ့ပတ်သက်ပြီးလည်း ကလော့က “ညီအစ်ကိုတွေနဲ့ မင်္ဂလာအခမ်းအနားဟာ အမြဲတမ်းကောင်းပါတယ်။ ကျနော်ဒါနဲ့ပတ်သက်လို့ ကစားသမားတွေကို ဘာပြောလို့ရမှာလဲ။ သူတို့အားလုံးဟာ စည်းကမ်းကို လိုက်နာကြသူတွေပါ။ ဒါပေမဲ့ အခု ကိစ္စလို တခါတလေမှာ အလုပ်မဖြစ်တာတွေလည်း ရှိတတ်ပြီး တခုခုဖြစ်တတ်ပါတယ်။ ကျန်တာကတော့ ကျနော်နဲ့ ဆာလက် ကြားကိစ္စပါ။ ကျနော်တို့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။  လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ လက်ရှိအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာအသင်း နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်စတာကိုသာ အနိုင်ရခဲ့ပါက အမှတ်ပေးဇယားထိပ်ဆုံး ရောက်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။  ဒါပေမဲ့ ရော်ဂျာရဲ့ လက်စတာသင်းဟာ ဒီရာသီပုံစံကောင်းတွေပြသနေပြီး ဒီအတွက်လည်း အံ့သြသင့်စရာမရှိဘူးလို့ ကလော့ကပြောပါတယ်။

//
More News
Up