မြင်းခြံမြို့တွင် KTV နှင့် အနှိပ်ခန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး
DVB
·
November 20, 2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းတွေ မလိုက်နာတဲ့ KTV နဲ့ အနှိပ်ခန်းတွေကို ခရိုင်မှုခင်းနှိမ်နင်းရေးအဖွဲ့နဲ့ မြင်းခြံနယ်ထိန်းတို့ ပူးပေါင်း ဝင်ရောက်ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ မြင်းခြံမြို့မရဲစခန်းက သိရပါတယ်။
နိုဝင်ဘာ ၁၈ ရက် ည ၂ နာရီခွဲလောက်က မြင်းခြံမြို့က KTV နဲ့ အနှိပ်ခန်းတွေဖြစ်တဲ့ Dream Garden နဲ့ ပန်းတော်ဝင်ဆိုင်တွေကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အမှတ် ၁၉ ရပ်ကွက်ရှိ Dream Garden KTV နဲ့ အနှိပ်ခန်းကို ဝင်ရောက်ဖမ်းဆီးရာမှာ ဆိုင်မန်နေဂျာ၊ ဝန်ထမ်း၊ အနှိပ်သမ၊ အကူသီဆိုသူနဲ့ ဧည့်သည် စုစုပေါင်း ၅၂ ဦး ဖမ်းမိခဲ့သလို အမှတ် ၁၈ ရပ်ကွက်ရှိ ပန်းတော်ဝင်KTV နဲ့ အနှိပ်ခန်းမှာ လည်း ဆိုင်မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ အနှိပ်သမ၊ အကူသီဆိုဖျော်ဖြေသူနဲ့ ဧည့်သည်အပါအဝင် စုစုပေါင်း ၂၇ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။
အဆိုပါ ဆိုင်နှစ်ဆိုင်မှ ဖမ်းမိသူ စုစုပေါင်း ၇၉ ဦးကို မြင်းခြံမြို့မရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅နဲ့ အရေးယူထားပါတယ်။
ဇာဇာမောင်(CJ)