Home
မြန်မာသတင်း
ပွင့်လင်းရာသီတွင် ခရီးသွားလာခြင်းမပြုပဲ အိမ်တွင်သာ နေထိုင်ရန် အစိုးရပန်ကြား
DVB
·
November 20, 2020
မကြာခင် ရောက်လာတော့မယ့် ပွင့်လင်းရာသီ ပိတ်ရက်ရှည်တွေမှာ ပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ၊ လူစုလူဝေးပြုလုပ်တာတွေ မလုပ်ကြဖို့နဲ့ တတ်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပန်ကြားလိုက်ပါတယ်။ အဲဒီပန်ကြားချက်ထဲမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဆေးရုံက ဆင်းခွင့်ရခဲ့ကြောင်းနဲ့ သေဆုံးသူ ၁,၆၅၀ ရှိခဲ့တယ်လို့ ကနဦးဖော်ပြထားခဲ့ပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ဆောင်းရာသီကို စတင်ကူးပြောင်းတဲ့ ကာလဖြစ်တဲ့အတွက် သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်ပြန့်ပွားမှုတွေ ပိုဖြစ်နိုင်ပြီး လူစုလူဝေးနဲ့ ခရီးသွားလာမှုတွေကနေ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ပိုပြီးတော့ ပြန့်ပွားလာစေတာမို့ ဆင်ခြင်လိုက်နာကြစေဖို့ နိုဝင်ဘာ ၁၉ ရက်စွဲနဲ့  ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ လူစုလူဝေးတွေကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု တိုးမြင့်လာခြင်းရှိမရှိ စောင့်ကြပ် ကြည့်ရှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကိုလည်း ဝန်ကြီးဌာနအနေနဲ့ အရှိန်အဟုန် မြှင့်ဆောင်ရွက်နေပြီး အထူးအစီအစဉ်အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွေ ဦးဆောင်ကာ မျက်နှာနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်နဲ့ လူထုကို အသိပညာပေးမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုမိုကူးစက်မှု တိုးမလာစေဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီလိုက်နာနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။ နိုဝင်ဘာ ၁၉ ရက်ည ၈ နာရီအထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်း ခွင့်ရသူစုစုပေါင်း ၅၅,၆၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ တကမ္ဘာလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာလာသူစုစုပေါင်း ၃၉ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024