အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၃ ဦး ထပ်မံတွေ့ရှိ
DVB
·
November 19, 2020
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါဝင် ကိုဗစ်အတည်ပြုလူနာသစ် ၃ ဦး ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
အေးမြသာယာ အမှတ် (၁) ဈေးမှာ ရောင်ချနေသူတဦး အနံ့မရလို့ ဖုန်းဆက်လာတာကြောင့် RTD နဲ့ စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တာလို့ အေးမြသာယာရပ်ကွက် တိုက်နယ်ဆရာဝန် ဒေါက်တာ သီရီရွှေစင်လှိုင်က ပြောပါတယ်။
သူ့မရဲ့မိသားစုဝင် ၅ ဦးကိုလည်း အုတ်ဖိုဆေးရုံပို့ဆောင်ကာ RTD နဲ့စစ်ဆေးရာမှာ ခင်ပွန်းဖြစ်သူ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ၈ နှစ်အရွယ် ကလေး ၁ ဦးတို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ထိတွေ့ခဲ့တဲ့သူတွေကို လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။
အုတ်ဖိုမြို့နယ်မှာ ဒေသတွင်းကူးစက်မှုတွေ များလာတာဖြစ်ပြီး အခု အတည်ပြုလူနာတွေဟာ ဈေးရောင်းချနေသူနဲ့ ရဲတပ်ဖွဲ့ဝင်ဖြစ်တာကြောင့် ဒေသတွင်း ရောဂါပိုမိုပြန့်ပွားလာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အုတ်ဖိုမြို့နယ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေအထိ အတည်ပြုလူနာ ၇၃ ဦးအနက် ၅၅ ဦးဆေးရုံဆင်းခွင့်ရရှိပြီး ၁၈ ဦးကို အုတ်ဖိုဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
သတင်း - သက်နိုင်ဝင်း