DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်
DVB
·
August 11, 2013
စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်
Donate to DVB

စာရေးဆရာ သတင်းစာဆရာ မောင်ဝံသဟာ ဩဂုတ်လ ၁၁ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့၊ ၀ိတိုရိယဆေးရုံမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
ဆရာမောင်ဝံသရဲ့ သားဖြစ်သူ ကိုနောင်နောင်စိုးက ဖခင်ကွယ်လွန်သွားတဲ့အကြောင်း ခုလို ပြောပါတယ်။

“ဒီနေ့မနက် ၆ နာရီ ၁၅ ဆုံးပါတယ်။ အဆုတ်ကင်ဆာပါ။ ရန်ကုန် ၀ိတိုရိယ ဆေးရုံမှာ။ ၀ိတိုရိယဆေးရုံးမှာ တလကျော်ကျော်တော့ ကြာပြီ။”
အဆုတ်ကင်ဆာရောဂါ ခံစားနေရတာတော့ ၁၀ လလောက် ရှိပြီလို့လည်း ပြောပါတယ်။

ဆရာကွယ်လွန်ချိန်မှာ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ တာဝန်တွေ ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။

ဆရာမောင်ဝံသဟာ စာရေးဆရာ သတင်းစာဆရာ ဖြစ်သလို နိုင်ငံရေးလည်း လုပ်ခဲ့ဖူးသူတဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

စာရေးဆရာ အယ်ဒီတာ မောင်မိုးသူကတော့ ဆရာမောင်ဝံသဟာ သတင်းစာဆရာလို့ ပြောပါတယ်။

“professional (ကျွမ်းကျင်အတတ်ပညာရှင်) သတင်းစာသမားပေါ့။ နိုင်ငံရေးတော့ ပြောရတာ ခက်ပါတယ်။  professional သတင်းစာဆရာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကိုဝံသသည် မဆလခေတ် သတင်းစာဆရာအဖြစ်နဲ့ကို စာပြီး လုပ်ခဲ့တယ်။ ဟံသာဝတီတို့၊ ဗိုလ်တထောင်တို့၊ မြန်မာ့အလင်းတို့ သတင်းစာတွေမှာ ကိုဝံသက လုပ်ဖူးတာပေါ့။ အဲဒီကတည်းက သတင်းစာဆရာပါပဲ။ ကိုဝံသရဲ့ ထူးခြားချက်က အဲဒီအချိန်ကတည်းက စာတွေရေးတယ်၊ အထ္ထုပ္ပတ္တိတွေ ရေးတယ်၊ ဘာသာတွေပြန်တယ် စသည်အားဖြင့်ရေးတယ်။ နောက်တခုက အတွေးအမြင်စာစောင်ကိုလည်း ထုတ်တယ်။ မောင်ဝံသသည် စာပေဘက်က သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပိုပြီးတော့ ကျနော့်မျက်စိထဲ မြင်ပါတယ်။”

[caption id="attachment_42464" align="alignright" width="300" caption="ဆရာမောင်ဝံသ"][/caption]

မောင်ဝံသနဲ့အတူ ပြည်သူ့ခေတ်ဂျာနယ်ကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ စာရေးဆရာ ဖေမြင့်ကတော့ ဆရာ ဆုံးသွားတာဟာ အခုလို အကူးအပြောင်းကာလမှာ တိုင်းပြည်အတွက် ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ပြောပါတယ်။

 

“အခုနှစ်ပိုင်းတွေမှာ စာနယ်ဇင်းတွေက စပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ ကာလမှာ ဆရာမောင်ဝံသဟာ ထင်ထင်ရှားရှား သတင်းစာဆရာတယောက်အနေနဲ့ လုပ်ကိုင်နိုင်တယ်။ ပြီးတော့ စာနယ်ဇင်းသမားတွေ၊ အဖွဲ့အစည်းတွေမှာလည်း ဦးဆောင်သူတဦးအနေနဲ့ ဆောင်ရွက်နေတယ်။ အထူးသဖြင့် စာနယ်ဇင်းသမားတွေရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စတုတ္ထမဏ္ဍိုင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်ကာလမှာ ဦးဆောင်ရွက်ပြုပြီးလုပ်နိုင်တဲ့ ဆရာမောင်ဝံသလို ပုဂ္ဂိုလ်မျိုး ဆုံးရှုံးသွားတာ စာနယ်ဇင်းလောကအတွက် အတော်ဆုံးရှုံးပါတယ်။  ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီအကူးအပြောင်းမှာ စောင့်ကြည့်ဝေဖန် တည့်မတ်ပေးနေတဲ့ စာနယ်ဇင်းသမားကောင်း ဆုံးရှုံးတော့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးတယ်လို့ ပြောလို့ရပါတယ်။”

မောင်ဝံသဟာ ၁၉၆၅ ခုနှစ်လောက်ကတည်းက သတင်းစာလောကထဲ ၀င်ရောက်ကျင်လည်ခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်အထိ အစိုးရသတင်းစာတွေမှာ အယ်ဒီတာလုပ်ခဲ့ပါတယ်။
အထ္ထုပ္ပတ္တိစာအုပ်တွေအပါအ၀င် နိုင်ငံရေး၊ စာနယ်ဇင်းပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းပေါင်း ၆၀ ကျော် ရေးသားထုတ်ဝေနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ကိုယ်ပိုင် ဒေါင်းစာပေတိုက်ကို ၁၉၇၃ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဒီနေ့ထိ စာအုပ်ထုတ်ဝေရေး လုပ်ဆောင်နေတုန်းဖြစ်ပါတယ်။

ဆောင်းပါးကောင်းတွေနဲ့ ထင်ရှားတဲ့ အတွေးအမြင်မဂ္ဂဇင်းကို ၁၉၈၄ ခုနှစ်ကနေ ဒီနေ့ထိ၊ နိုင်ငံရေးဂျာနယ်လို့ ထင်ရှားတဲ့ ပြည်သူ့ခေတ်ဂျာနယ်ကို ၂၀၁၀ ပြည့်နှစ်ကနေ ဒီနေ့ထိ အောင်အောင်မြင်မြင် ပဲ့ကိုင်ထုတ်ဝေခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာ ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး ဇနီးနဲ့ သားသမီး ၄ ဦးကျန်ရစ်ပါတယ်။ ဈာပနအခမ်းအနား ကျင်းပမယ့်ရက်ကိုတော့ ထပ်မံကြေညာသွားမယ်လို့ ကျန်ရစ်သူ မိသားစုက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013